ပဲခူး ဖေဖော်ဝါရီ ၂၃
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းဦးဆောင်၍ တိုင်းဒေသကြီးအတွင်းနိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့်လုပ်ငန်းများ တိုးချဲ့ဆောင်ရွက်လျက်ရှိသော လုပ်ငန်းရှင်များနှင့်တွေ့ဆုံပွဲအခမ်းအနားအား အဆိုပါရုံးရှိ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းက ပဲခူးတိုင်းဒေသကြီးသည် စိုက်ပျိုးရေးနှင့်မွေးမြူရေးကို အဓိကထားဆောင်ရွက်လျက်ရှိပြီး ဒေသထွက်ကုန်ကြမ်းပစ္စည်းများဖြင့် MSMEs လုပ်ငန်းများက အမယ်စုံထုတ်လုပ်လျက်ရှိသည့် တိုင်းဒေသကြီးတစ်ခုဖြစ်၍ထုတ်လုပ်သည့် ကုန်ပစ္စည်းများတိုင်း တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် ထုတ်ပိုးစနစ်များ အဆင့်မြှင့်တင်သွားရမှာဖြစ်ကြောင်း၊ ဒေသတွင်း MSMEs လုပ်ငန်းများ တိုးတက်ဖွံ့ဖြိုးလာခြင်းနှင့်အတူ ပြည်တွင်းထုတ်လုပ်မှုမြင့်မားခြင်း၊ ပြည်ပသွင်းကုန်အစားထိုး ထုတ်လုပ်နိုင်ခြင်း၊ အလုပ်အကိုင်ဖွံ့ဖြိုးတိုးတက်လာခြင်းနှင့် ကုန်ကြမ်းပစ္စည်းတင်ပို့မှုအစား တန်ဖိုးမြှင့်ပို့ကုန်များ တင်ပို့လာနိုင်ခြင်းဖြင့် ဝင်ငွေပိုမိုတိုးတက်ရရှိလာနိုင်မှာဖြစ်ကြောင်း၊ ဒေသထွက်ကုန်ပစ္စည်းများ ပို့ကုန်စွမ်းအားမြှင့်တင်နိုင်ရေးနှင့် ဈေးကွက်ချဲ့ထွင်နိုင်ရေး ဒေသထွက်ကုန် MSMEs ဈေးရောင်းပွဲတော်များ၊ အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပပေးလျက်ရှိသလို MSMEs လုပ်ငန်းများ ပိုမိုတိုးချဲ့နိုင်ရေးအတွက် ချေးငွေရရှိရေး၊ နည်းပညာရရှိရေး၊ အသေးစားစက်မှုလုပ်ငန်းလိုင်စင်ရရှိရေးနှင့် FDA ထောက်ခံချက်ရရှိရေး စဉ်ဆက်မပြတ် ပံ့ပိုးကူညီဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ တိုင်းဒေသကြီးအတွင်း MSMEs လုပ်ငန်းတူအစုအဖွဲ့များပေါင်းစုပြီး သမဝါယမအသင်းအစုအဖွဲ့များဖွဲ့စည်း၍ ကဏ္ဍအလိုက်ကိုယ်စားပြုအဖွဲ့ခေါင်းဆောင်များရွေးချယ်၍ တိုင်းဒေသကြီး MSMEs လုပ်ငန်းရှင်များအသင်းကိုလည်း ဖွဲ့စည်းပေးသွားမှာဖြစ်ကြောင်း၊ ထုတ်လုပ်သည့် ကုန်ပစ္စည်းများအလိုက် ပြည်တွင်းသုံးကုန်အဆင့်မှ ပြည်ပပို့အဆင့်ထိ မျှော်မှန်းဆောင်ရွက် သွားရမှာဖြစ်ပြီး လိုအပ်သည့်ပြည်ပဈေးကွက်ရရှိရေး ချိတ်ဆက်ဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်းနှင့် တက်ရောက်လာသည့် MSMEs လုပ်ငန်းရှင်များအနေဖြင့် လုပ်ငန်းများပိုမိုတိုးတက်အောင်မြင်နိုင်ရေး လိုအပ်သည်များကို ပွင့်ပွင့်လင်းလင်း တင်ပြပေးစေလိုကြောင်း ပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာသည့် ခရိုင်(၆)ခုမှ MSMEs လုပ်ငန်းရှင်များက နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ချေးငွေရယူဆောင်ရွက်ခဲ့ရာ လုပ်ငန်းများတိုးတက်အောင်မြင်မှုရရှိနေသည့် အခြေအနေများနှင့် သီးခြားလိုအပ်ချက်များတင်ပြခဲ့ရာ သက်ဆိုင်ရာကဏ္ဍအလိုက် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက ပြန်လည်ရှင်းလင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
ယင်းနောက် တင်ပြချက်များနှင့်ပတ်သက်၍ တိုင်းဒေသကြီးစီးပွားရေးရာဝန်ကြီး၏ ဖြည့်စွက်ရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက လုပ်ငန်းတစ်ခုခြင်းအလိုက် လိုအပ်သည်များ ဖြည့်စွက်လမ်းညွှန်မှာကြားခဲ့ကြောင်း သိရှိရသည်။
တိုင်းဒေသကြီးအတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ၂၀၂၃ ခုနှစ်တွင် MSMEs လုပ်ငန်း(၁၈၃)ခုအတွက် ငွေကျပ်(၁.၅)ဘီလီယံထုတ်ချေးပေးခဲ့ပြီး ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလတွင် လုပ်ငန်း(၃၁)ခုအတွက် ငွေကျပ်(၀.၅၉၅)ဘီလီယံ ထပ်မံထုတ်ချေးပေးနိုင်ခဲ့ရာ တိုင်းဒေသကြီးအတွင်း MSMEs လုပ်ငန်းများအတွက် မတည်ရင်းနှီးရန်၊ ကုန်ထုတ်လုပ်မှုတိုးတက်စေရန်၊ နည်းပညာဖွံ့ဖြိုးရန်နှင့် ဈေးကွက်ချဲ့ထွင်နိုင်ရေး စုစုပေါင်းငွေကျပ် (၂.၀၉၅)ဘီလီယံ ထုတ်ချေးပေးထားနိုင်ခဲ့ကြောင်း သတင်းရရှိသည်။
သက်ဖြိုးကြိုင် (ပြန်/ဆက်)