လက်ပံတန်းမြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် စာစစ်ဌာနကျောင်းများကို မီးဘေးကြိုတင်ကာကွယ်ရေးစစ်ဆေး

လက်ပံတန်း ဖေဖော်ဝါရီ ၂၃

ပူပြင်းခြောက်သွေ့သည့် နွေရာသီသို့ရောက်ရှိလာပြီဖြစ်၍ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များပျက်စီးဆုံးရှုံးမှုမှ ကြိုတင်ကာကွယ်နိုင်ရန်အတွက် ပဲခူးတိုင်းဒေသကြီး လက်ပံတန်းမြို့နယ် မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး၊ မီးသတိမူရေး၊ အသိပေးနှိုးဆော်ခြင်းနှင့် လိုက်လံစစ်ဆေးဆောင်ရွက်ခြင်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးမှူး ဦးလင်းကျော်နှင့်တပ်ဖွဲ့ဝင်များသည် လက်ပံတန်းမြို့နယ်တွင် တက္ကသိုလ်ဝင်တန်း ဖြေဆိုမည့်စာစစ်ဌာန အ.ထ.က (၁) ကျောင်း၌ မီးဘေးကြိုတင်ကာကွယ်ရေးအတွက် ကျောင်းအတွင်းအပြင် သန့်ရှင်းသပ်ရပ်မှုရှိစေရေး၊ မီးချိတ်၊ မီးကပ်၊ ရေပုံး၊ သဲပုံးများ၊ မီးသတ်ဆေးဘူးများ၊ ရေလှောင်ကန်များတွင် ရေများအဆင့်အသင့်ရှိစေရေး၊ လျှပ်စစ်မီးသွယ်တန်းထားရှိမှုများ စနစ်တကျရှိစေရေးနှင့် မီးဘေးကြိုတင်ကာကွယ်ရေး လိုက်နာဆောင်ရွက်ရန်အချက်များကို စစ်ဆေးခဲ့ကြသည်။

ထို့အပြင် မီးဘေးကြိုတင်ကာကွယ်ရေအတွက် မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများသို့ကွင်းဆင်း၍ တစ်အိမ်တက်ဆင်းစစ်ဆေးခြင်း၊ စျေးများ၊ ဆေးရုံ၊ စာသင်ကျောင်းများ၊ သာသနိက အဆောက်အဦများ၊ စက်သုံးဆီဆိုင်များ၊ တည်းခိုရိပ်သာများ၊ စက်ရုံအလုပ်ရုံများနှင့် မီးဘေးအန္တရာယ်စိုးရိမ်ရသောနေရာများသို့ မီးဘေးစစ်ဆေးဆောင်ရွက်ခြင်းအား အရှိန်အဟုန် တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)