တောင်ငူ ဖေဖော်ဝါရီ ၂၃
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်၊ ဆင်ဆိပ်ကျေးရွာအုပ်စု၊ ကံပေါက်ကြီးကျေးရွာတွင် မြို့နယ်စိုက်ပျိုးရေးလုပ်ငန်းကြီးကြပ်မှုကော်မတီမှကြီးမှူး၍ ဗီယက်နမ်နိုင်ငံထုတ် တန်ဖိုးနည်းလက်ဆွဲကောက်စိုက်စက်ဖြင့် နွေစပါးစိုက်ပျိုးခြင်း ကွင်းသရုပ်ပြသခြင်းကို ကံပေါက်ကြီးကျေးရွာ၊ တောင်သူ ဦးထွန်းလွင်၏ လယ်ယာမြေ (၃)ဧက၌ ယမန်နေ့နံနက် (၉) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
ထိုသို့ကွင်းသရုပ်ပြသရာတွင် ခရိုင်နှင့် မြို့နယ်စက်မှုလယ်ယာဦးစီးဌာနမှ တာဝန်ရှိသူများက တန်ဖိုးနည်းလက်ဆွဲကောက်စိုက်စက် အသုံးပြုပုံ၊ ပျိုးထောင်နည်းနှင့် စိုက်ပျိုးနည်း အချက်အလက်များ၊ ဗီယက်နမ်နိုင်ငံထုတ် တန်ဖိုးနည်းလက်ဆွဲကောက်စိုက်စက် အသုံးပြုခြင်းဖြင့် ကောက်စိုက်လုပ်သားရှားပါးမှု ပြဿနာကိုဖြေရှင်းပေးနိုင်ပြီး လုပ်အားခသက်သာခြင်း၊ မျိုးစေ့ကုန်ကျမှုစရိတ်နည်းပါးခြင်း၊ ပျိုးထောင်ဧရိယာနှင့် လုပ်သားအင်အား နည်းပါးခြင်း၊ သက်တောင့်သက်သာစိုက်ပျိုးနိုင်ခြင်း၊ လုပ်ငန်းတွင်ကျယ်၍ ပိုမိုတိုးတက်ပြီးစီး နိုင်ခြင်းနှင့် ပင်ပွားနှုန်းကောင်းမွန်ပြီး စပါးအထွက်နှုန်းကောင်းမွန်စေခြင်း စသည့် အကျိုးကျေးဇူးများရရှိနိုင်ကြောင်းကို ဆွေးနွေးပြောကြားပြီး ဒေသခံတောင်သူလယ်သမားများ အား တန်ဖိုးနည်းလက်ဆွဲကောက်စိုက်စက်ဖြင့် နွေစပါးစိုက်ပျိုးခြင်းကို ကွင်းသရုပ်ပြသသည်။
အဆိုပါကွင်းသရုပ်ပြသခြင်းသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ခေတ္တဥက္ကဋ္ဌ ဦးညီညီလွင်စိုးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်စိုက်ပျိုးရေးလုပ်ငန်းကြီးကြပ်မှု ကော်မတီအဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ဒေသခံတောင်သူလယ်သမားများ၊ စုစုပေါင်း (၁၃၀) ဦးခန့် လာရောက်ကြည့်ရှုအားပေးခဲ့သည်။
ဇော်ကိုကို (တောင်ငူ)