ကျိုက်လတ်မြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ သိကောင်းစရာ လက်ကမ်းစာစောင်များ ဖြန့်ဝေ

ကျိုက်လတ် ဖေဖော်ဝါရီ ၂၃

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် ပတ်သက်၍ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ယနေ့နံနက် (၇)နာရီခွဲက ပြည်သူ့စစ်မှုထမ်း ဥပဒေဆိုင်ရာ သိကောင်းစရာ လက်ကမ်းစာစောင်များကို မြို့မဈေးကြီးနှင့် လူစည်ကားရာ‌နေရာများတွင် အခမဲ့ဖြန့်ဝေ‌ပေးခဲ့သည်။

အဆိုပါ လက်ကမ်းစာစောင်များ ဖြန့်ဝေရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှူးရဲမင်းနှင့် အဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ် တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများပူးပေါင်း၍ ပြည်သူများ သိရှိနားလည်နိုင်စေရန် ပြည်သူ့ စစ်မှုထမ်းဥပဒေ၏ ရည်ရွယ်ချက်၊ စစ်မှုထမ်းရမည့် အသက်အရွယ်၊ ပြည်သူ့ စစ်မှုထမ်းရန်ကာလ၊ အမျိုးသားရေးတာဝန်၊ စိုးရိမ်ရန်မလို၊ ဘာကြောင့် ပြည်သူ့စစ်မှုထမ်းစနစ် ကျင့်သုံးရတာလဲ၊ ပြည်သူ့စစ်မှုထမ်းတို့၏ ခံစားခွင့်များ၊ ကင်းလွတ်ခွင့်များနှင့် ယာယီရွှေ့ဆိုင်းနိုင်သူများ၊ နိုင်ငံ့ခေါင်းဆောင်များ၏ အဆိုအမိန့်များပါရှိသည့် ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် ပတ်သက်၍ သိကောင်းစရာ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ကျိုက်လတ်(ပြန်/ဆက်)