ကျွန်းလှ ဖေဖေါ်ဝါရီ ၂၃
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ရာသီအလိုက် သီးနှံမျိုးစုံ စိုက်ပျိုးထုတ်လုပ်လျက်ရှိရာ ယခုနှစ် နွေစပါး ၁၆၆ ဧက စိုက်ပျိုးရန်လျာထားကြောင်း ကျွန်းလှမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
“ဒီနှစ် ကျွန်းလှမြို့နယ်မှာ နွေစပါးစိုက်ပျိုးဖို့ ၁၆၆ ဧက လျာထားပါတယ်။ နွေစပါးကို သဖန်းဆိပ်ဆည်ရေကျသွားတဲ့ လယ်မြေတွေမှာ စိုက်ပျိုးကြပြီး အခုအခါ စိုက်ပျိုးဖို့ ပြင်ဆင်နေကြပါတယ်။ နွေစပါးစိုက်တဲ့တောင်သူတွေကို ယူရီးယားဓာတ်မြေဩဇာများ ဈေးနှုန်းသက်သာစွာ ရောင်းချပေးဖို့ စီစဉ်ထားပါတယ်” ဟု မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးမှူးဒေါ်မြင့်မြင့်ရီက ပြောပြသည်။
အဆိုပါ နွေစပါးစိုက်ပျိုးသည့် တောင်သူများအား မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဒေသနှင့် ကိုက်ညီသည့် သက်တမ်းတို အထွက်နှုန်းကောင်း မျိုးကောင်း၊ မျိုးသန့်ရရှိရေး၊ စိုက်နည်းစနစ်မှန်ကန်ရေး၊ သိပ္ပံနည်းကျစိုက်နည်းစနစ် လိုက်နာကျင့်သုံးရေး၊ စသည့် စိုက်ပျိုးရေးဆိုင်ရာများ အသိပညာပေးလျက်ရှိကြောင်း သိရသည်။
ကျွန်းလှမြို့နယ်၌ ၂၀၂၃-၂၀၂၄ ခုနှစ်၊ နွေစပါးကို အင်းကောင်း၊ ငါးဘတ်အိုင်၊ ရွှေတောင်၊ စံပြ၊ ရွာသီကျေးရွာများတွင် စိုက်ပျိုးကြကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
မျိုးဝင်းညို (ကျွန်းလှ)