လပွတ္တာ မြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေ

လပွတ္တာ ဖေဖော်ဝါရီ ၂၃

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့နယ်ရှိ မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများတွင် ပြည်သူများအနေဖြင့် ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် ပတ်သက်၍ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ယနေ့နံနက်(၉)နာရီ အချိန်က မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများတွင် ပြည်သူ့စစ်မှုထမ်း ဥပဒေဆိုင်ရာ သိကောင်းစရာ အသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင် ဖြန့်ဝေပေးခြင်းကို ဆောင်ရွက်ခဲ့သည်။

အသိပညာပေး လက်ကမ်းစာစောင် ဖြန့်ဝေခြင်းကို မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများရှိ အုပ်ချုပ်ရေးမှူးများမှ ရပ်ကွက်/ကျေးရွာများအတွင်း လူစည်ကားရာ နေရာများ၊ လမ်းဆုံလမ်းခွများ၊ ခရီးသွားပြည်သူများအား “ပြည်သူ့စစ်မှုထမ်း ဥပဒေနှင့်ပတ်သတ်၍ သိကောင်းစရာ" လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြသည်။

အဆိုပါ လက်ကမ်းစာစောင်တွင် ပြည်သူ့စစ်မှုထမ်း ဥပဒေနှင့်ပတ်သတ်၍ သိကောင်းစရာများ၊ ပြည်သူ့စစ်မှုထမ်းဥပဒေရည်ရွယ်ချက်၊ စိုးရိမ်ရန်မလိုသည့် အချက်များ၊ ပြည်သူ့စစ်မှုထမ်းသည့်ကာလ၊ ပြည်သူ့စစ်မှုထမ်းခြင်းမှ ကင်းလွတ်ခွင့်ပြုခြင်း စသည့်အချက်များပါဝင်သော ပြည်သူ့စစ်မှုထမ်းအသိပညာပေး လက်ကမ်းစာစောင်များကို မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများတွင် အသိပညာပေး ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)