မုံရွာ ဖေဖော်ဝါရီ ၂၂
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမြတ်ကျော်၏ အနီးကပ်လမ်းညွှန်မှုဖြင့် တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဦးဆောင်ပြီး ခရိုင်၊ မြို့နယ်အဆင့် ကျန်းမာရေးဝန်ထမ်းများသည် မုံရွာမြို့နယ်အတွင်းရှိ အသက်(၅၀)နှစ်အထက်ပြည်သူများအား နေ့စဥ်နံနက်(၁၀)နာရီမှ စတင်၍ မုံရွာမြို့၊ ပြည်သူ့ဆေးရုံကြီးကုတင်-၅၀၀ တွင် ဖေဖော်ဝါရီလ ၁၅ ရက်နေ့မှ ၂၂ ရက်နေ့အထိ ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး Pfizer COVID Vaccine ထပ်ဆောင်း ထိုးနှံဆောင်ရွက်ပေးလျက်ရှိရာ စတင်ထိုးနှံချိန်မှ ယနေ့အထိ လူဦးရေ ၄,၅၀၈ ဦးထိုးနှံပေးပြီးဖြစ်ကြောင်း အဆိုပါဆေးထိုးနှံမှု လုပ်ငန်းများဆောင်ရွက်နေမှုအား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူ၏ ပြောကြားချက်အရ သိရသည်။
Pfizer COVID Vaccine ဆေးသည်ဂျာမဏီနိုင်ငံထုတ်ဆေးဖြစ်ပါကြောင်း၊ အသက်(၅၀)နှစ်အထက် နိုင်ငံ့ဝန်ထမ်းများ၊ အသက်(၆၅)နှစ်အထက် ပြည်သူလူထုများ၊ အသက်(၁၈)နှစ်နှင့်အထက် နာတာရှည် ရောဂါရှိသူများနှင့် ကိုယ်ခံအားကျဆင်းသည့် ရောဂါရှိသူများ၊၊ ကိုယ်ဝန်ဆောင်မိခင်များ စသဖြင့် ရောဂါဖြစ်ပွားနိုင်ခြေရှိသော အုပ်စု၊ ရောဂါဒါဏ် ခံစားရနိုင်သော အုပ်စုစသည်ဖြင့် ဦးစားပေးထိုးနှံမည့်အုပ်စုများအလိုက် ကာကွယ်ဆေး ထိုးနှံဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း၊ ယခုကာကွယ်ဆေးသည် ထပ်မံပေါ်ထွက်နေသော ဗီဇပြောင်းမျိုးကွဲပိုးများအတွက်ပါ ကာကွယ်ပေးနိုင်ပါကြောင်း၊ သို့သော်လည်း ဆေးအား စတင်တောင်းခံချိန်၊ ပေးပို့ချိန်မှစပြီး ရက်သတ္တ(၈)ပတ်မှ (၁၀)ပတ်အတွင်း သာအသုံးပြုရသည်ဖြစ်သောကြောင့် ရည်မှန်းလူဦးရေတွက်ချက်ပြီးထိုးနှံ
ပေးလျက်ရှိပါကြောင်း၊ ကာကွယ်ဆေးတစ်လုံးလျှင် လူဦးရေ ၇ ဦးအား ထိုးနှံနိုင်ကြောင်း တာဝန်ရှိသူ၏ ပြောကြားချက်အရသိရသည်။
ခရိုင်(ပြန်/ဆက်)