ဟုမ္မလင်း ဖေဖော်ဝါရီ ၂၃
စစ်ကိုင်းတိုင်ဒေကြီး၊ ဟုမ္မလင်းခရိုင် ဟုမ္မလင်းမြို့နယ်တွင် ပြည်သူ့စစ်မှုထမ်း ဥပဒေဆိုင်ရာ ဆွေးနွေးပွဲကို ယနေ့ နံနက်(၉)နာရီက ဟုမ္မလင်းမြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဆွေးနွေးပွဲတွင် ဟုမ္မလင်း လေတပ်စခန်းဌာနချုပ်၊ တပ်နယ်မှူးကိုယ်စား၊ ဗိုလ်မှူးကြီး စိုးမိုးအောင်က အဖွင့်အမှာစကားပြောကြားပြီး ပြည်သူ့ စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာများကိုလည်းကောင်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲဝင်းက ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် ပတ်သက်၍လည်းကောင်း၊ ခရိုင်ဥပဒေအရာရှိ ဦးထွန်းလင်းကျော်က ပြည်သူ့စစ်မှုထမ်းဥပဒေသည် အခန်း(၈)ခန်း၊ ပုဒ်မ(၃၃)ခု ဖြင့် ပြဋ္ဌာန်းထားပါကြောင်း၊ စတင်အာဏာတည်ခြင်းနှင့် အဓိပ္ပာယ်ဖွင့်ဆိုချက်၊ ပြည်သူ့စစ်မှုထမ်းရန် ကာလ၊ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ အဆင့်ဆင့်ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းတာဝန်များ ပြည်သူ့စစ်မှုထမ်းတို့၏ ခံစားခွင့်များ၊ ပြည်သူ့စစ်မှုထမ်းခြင်းမှ ကင်းလွတ်ခွင့်ပြုခြင်းများကို အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ကြသည်။
အဆိုပါ အခမ်းအနားသို့ တပ်နယ်တပ်ရင်းမှ အရာရှိများ၊ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့မိ၊ မြို့ဖများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ၊ ဖိတ်ကြားထားသောဧည့်သည်တော်များနှင့် စိတ်ပါဝင်စားသည့် လူငယ်လူရွယ်များ စုစုပေါင်း(၇၅၀)ဦးခန့် တက်ရောက်ခဲ့ပြီး တက်ရောက်လာကြသူများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသည့် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာ သတင်းစကားလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ဟုမ္မလင်း(ပြန်/ဆက်)