ဂန့်ဂေါမြို့တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာကျောင်းများတွင် Grade-5 နှင့် Grade-9 (သင်ရိုးသစ်) နှစ်ဆုံးစာမေးပွဲ စတင်ဖြေဆို

ဂန့်ဂေါ ဖေဖော်ဝါရီ ၂၃

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာကျောင်းများတွင် Grade-5 နှင့် Grade-9 (သင်ရိုးသစ်) နှစ်ဆုံးစာမေးပွဲကို ယမန်နေ့ နံနက် (၉) နာရီမှ စတင်ကာ သက်ဆိုင်ရာစာစစ်ဌာနကျောင်းများတွင် ကျင်းပဖြေဆိုလျက်ရှိပြီး ကျောင်းသား/ကျောင်းသူများ အေးချမ်းစွာ ဖြေဆိုလျက်ရှိကြောင်း သိရသည်။

ဂန့်ဂေါမြို့နယ်အတွင်းရှိ စာသင်ကျောင်းများတွင် နှစ်ဆုံးစာမေးပွဲဖြေဆိုရာ ပထမနေ့၌ Grade-5 (သင်ရိုးသစ်) ဖြေဆိုသူ ကျောင်းသား/ကျောင်းသူ (၄၈၀) ဦးနှင့် ပျက်ကွက် (၃၆) ဦး၊ Grade-9 (သင်ရိုးသစ်) ဖြေဆိုသူ ကျောင်းသား/ကျောင်းသူ (၄၀၅) ဦးနှင့် ပျက်ကွက် (၂၉) ဦးတို့ရှိကြောင်းနှင့် ဖြေဆိုသူရာခိုင်နှုန်းအားဖြင့် (၉၃) ရာခိုင်နှုန်းရှိကြောင်း ဂန့်ဂေါမြို့နယ် ပညာရေးမှူး ဦးအောင်ဝင်းထံမှ သိရသည်။

အဆိုပါ တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းသား/ကျောင်းသူများ စိတ်ချလက်ချအေးချမ်းစွာ ဖြေဆိုနိုင်ရန် မြို့နယ်ပညာရေးမှူး ဦးအောင်ဝင်း၊ သက်ဆိုင်ရာစာစစ်ဌာနကျောင်းများမှ တာဝန်ကျ ဆရာ/ဆရာမများက အနီးကပ်ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိပြီး စာမေးပွဲ လုံခြုံရေးအတွက် သက်ဆိုင်ရာနယ်မြေခံတပ်ရင်းနှင့် မြို့နယ်ရဲတပ်ဖွဲ့ဝင်များတို့က ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိပြီး ဖေဖော်ဝါရီ ၂၂ ရက်နေ့မှ (၂၈) ရက်နေ့အထိ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်