ပွင့်ဖြူမြို့နယ်၌ ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီက စိုက်ပျိုးခဲ့သည့် ငရုတ်သီးနှံ ၁၁၈၅ ဧက သိမ်းဆည်းပြီးစီး

ပွင့်ဖြူ ဖေဖော်ဝါရီ ၂၃

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာ၌ ဒေသခံတောင်သူများက ငရုတ်သီးနှံစိုက်ပျိုးခြင်းကို တစ်မြို့နယ်လုံး ၁၂၈၅ ဧက စိုက်ပျိုးဆောင်ရွက်နိုင်ခဲ့ပြီး အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်းနှင့် ယနေ့အထိ ငရုတ်သီးနှံစိုက်ဧက ၁၁၈၅ ဧက ပြန်လည်ဆွတ်ခူးသိမ်းဆည်းပြီးစီးပြီးဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သိရသည်။

ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများသည် နှစ်စဉ် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် စီးပွားရေးတွက်ခြေကိုက်သည့် ငရုတ်သီးနှံစိုက်ပျိုးခြင်းကို အားထားစိုက်ပျိုးလုပ်ကိုင်ကြကြောင်း သိရကာ ယခုနှစ် ဆောင်းရာသီတွင်လည်း သီးနှံဝင်ငွေတိုးပွားရေးအတွက် ငရုတ်သီးနှံစိုက်ပျိုးခြင်းကို သတ်မှတ်လျာထားသည့် ၁၂၈၅ ဧက လျာထားချက်ပြည့်မီစွာ စိုက်ပျိုးနိုင်ခဲ့ကြောင်း သိရသည်။ ထိုသို့ ဒေသခံတောင်သူများ ဆောင်းသီးနှံငရုတ်စိုက်ပျိုးရာတွင် စားသုံးသူပြည်သူများ အစားအစာ ဘေးကင်းလုံခြုံစေရေးနှင့် အထွက်နှုန်းတိုးစေရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက လိုအပ်သည့် စိုက်ပျိုးရေးနည်းစနစ်များကို ပံ့ပိုးကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

"ပွင့်ဖြူမြို့နယ်မှာ ဆောင်းသီးနှံငရုတ်စိုက်ပျိုးခြင်းကို ဒေသခံတောင်သူတွေက နှစ်စဉ် အားထားစိုက်ပျိုးလုပ်ကိုင်ကြပါတယ်။ ယခုနှစ်မှာလဲ တစ်မြို့နယ်လုံး ငရုတ်သီးနှံစိုက်ဧက ၁၂၈၅ ဧက လျာထားစိုက်ပျိုးခဲ့ရာ ဒေသခံတောင်သူတွေက လျာထားဧက ပြည့်မီအောင် စိုက်ပျိုးနိုင်ခဲ့ပါတယ်။ စိုက်ပျိုးရေ အဆင်ပြေတဲ့အတွက် ငရုုတ်သီးနှံစိုက်ပျိုးရေးလုပ်ငန်းက အောင်မြင်ဖြစ်ထွန်းမှုလဲ ရှိပါတယ်။ တောင်သူတွေ အဓိက စိုက်ပျိုးတဲ့ ငရုတ်သီးနှံကတော့ သာမို - ၁၁ ငရုတ်မျိုးဖြစ်ပြီး ငရုတ်ပွနဲ့ ကလော်အော်သီး ငရုတ်မျိုးကိုလဲ စိုက်ပျိုးကြပါတယ်။ ဒေသခံတောင်သူတွေ အားထားစိုက်ပျိုးခဲ့တဲ့ ငရုတ်သီးနှံစိုက်ခင်းတွေက အောင်မြင်ဖြစ်ထွန်းမှုရှိတဲ့အတွက် ဇန်နဝါရီလ ပထမပတ်ကစပြီး ဆွတ်ခူးသိမ်းဆည်းခဲ့ရာ ယနေ့အထိ ၁၁၈၅ ဧက သိမ်းဆည်းပြီးစီးပြီဖြစ်ပါတယ်။ သီးနှံအထွက်နှုန်းအနေနဲ့ကတော့ တစ်ဧကကို ပျမ်းမျှ ၇၅၀ ပိဿာချိန် ထွက်ရှိပါတယ်" ဟု ပွင်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဒေါ်မိုးမိုးဝေ က ပြောပြသည်။

ပွင့်ဖြူမြို့နယ်၌ ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ဒေသခံတောင်သူများက သီးနှံဝင်ငွေအကျိုးအမြတ်ရှိသည့် စားဖိုဆောင်သီးနှံစိုက်ပျိုးရေးလုပ်ငန်းကို အားထားစိုက်ပျိုးလုပ်ကိုင်ကြပြီး စားဖိုဆောင်သီးနှံများတွင် ငရုတ်သီးနှံ စိုက်ပျိုးရေးလုပ်ငန်းမှာ စိုက်ပျိုးရေ အဆင်ပြေမှုကြောင့် နှစ်စဉ် အောင်မြင်ဖြစ်ထွန်းမှုရှိကာ သီးနှံဝင်ငွေ အကျိုးအမြတ်ရရှိ၍ လုပ်ငန်းအဆင်ပြေလျက်ရှိကြောင်း သိရသည်။

လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )