မြို့သစ်မြို့နယ်တွင် လေပြင်းဘေး ကြိုတင်ကာကွယ်ရေးလုပ်ငန်းများအတွက် ထောက်ပံ့ငွေများပေးအပ်

မြို့သစ် ဖေဖော်ဝါရီ ၂၃  

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ လေပြင်းဘေး ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ကျေးရွာများသို့ ရန်ပုံငွေ ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့နံနက် (၁၀) နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပ​ပြုလု​ပ်သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဝင်းထက်က အမှာစကားပြောကြားပြီး မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်နုနုထွေးက လေပြင်းဘေးကြိုတင်ကာကွယ်ရေးအတွက် ဆင်းရဲနွမ်းပါးသည့် အိမ်ခြေများအား ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ရန်ယခုလို ထောက်ပံ့ပေးရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက် ဒန့်သလွန်ပင်ကျေးရွာနှင့် လေသာကျေးရွာရှိ အိမ်ခြေ (၁၂၀) အတွက် ထောက်ပံ့ငွေကျပ် (၅၄) သိန်းတိတိကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဦးစီးအရာရှိတို့က ကျေးရွာအုပ်ချုပ်ရေးမှူးများထံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

သန်းဝင်းထွန်း (ပြန်/ဆက်)