မင်းဘူးမြို့၌ တပို့တွဲလ မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲ ကျင်းပ

မင်းဘူး ဖေဖော်ဝါရီ ၂၃

မြန်မာတို့၏ ဆယ့်နှစ်လရာသီပွဲတော်များအနက် တပို့တွဲလ မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကို ယနေ့ နံနက်ပိုင်းက မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့ ပြည်သူ့ပန်းခြံရှေ့၌ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ စုပေါင်းပြီး ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မင်းဘူးခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ စုပေါင်းကျင်းပပြုလုပ်သည့် ၂၀၂၄ ခုနှစ်၊ တပို့တွဲ လပြည့်နေအကြို မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲတွင် ခရိုင်နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာများ မြို့ပေါ် ရပ်ကွက်ကြီး (၄) ရပ်ကွက်မှ ပြိုင်ပွဲဝင်အသင်းပေါင်း ၁၃ သင်းတို့က ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ယင်း ယှဉ်ပြိုင်နေမှုများကို မင်ဘူးခရိုင်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ အမှတ်ပေးဒိုင်လူကြီးများက ထမနဲထိုးပြိုင်ပွဲတွင် အခင်းအကျင်းပြင်ဆင်မှု၊ ပြိုင်ပွဲဝင်များ ဝတ်စားဆင်ယင်မှု၊ စည်းလုံးညီညွတ်မှု၊ အရသာကောင်းမွန်မှု၊ သန့်ရှင်းသပ်ရပ်မှု၊ အချိန်မီပြီးစီးမှုနှင့် အသင်းလိုက် ပရိတ်သတ်များ၏အားပေးမှုစသည့် သတ်မှတ်ထားသော အမှတ်ပေးစည်းမျည်းများနှင့်အညီ ကြည့်ရှုအားပေးပြီး အမှတ်ပေးဆောင်ရွက်ခဲ့ကြသည်။

အဆိုပါပြိုင်ပွဲတွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနအသင်းက ပထမဆု၊ မြို့နယ်စည်ပင်သာရေးအဖွဲ့အသင်းက ဒုတိယဆု၊ ခရိုင်/မြို့နယ်မီးသတ်ဦးစီးဌာနအသင်းက တတိယဆုနှင့် ကျန်အသင်းများမှာ အထူးဆုဆုများရရှိခဲ့ကြပြီး ဆုရရှိသောအသင်းများနှင့် ဖျော်ဖြေရေးတီးဝိုင်းအဖွဲ့ကို မင်းဘူးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းနှင့် တာဝန်ရှိသူများက ဆုများကို အသီးသီး ပေးအပ် ချီးမြှင့်ခဲ့သည်။

မြန်မာတို့၏ ဆယ့်နှစ်လရာသီပွဲတော်များအနက် တပို့တွဲလသည် မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲများကို နိုင်ငံတစ်ဝန်းလုံးတွင် ကျင်းပပြုလုပ်လေ့ရှိကြောင်း၊ ထမနဲထိုးရာတွင် အဓိကပါဝင်သော ပစ္စည်းများမှာ ကောက်ညှင်းဆန်၊ မြေပဲလှော်၊ နှမ်းလှော်၊ အုန်းသီး၊ နှမ်းဆီ(သင့်တော် ရာဆီ)၊ ဂျင်း၊ သကြား၊ ဆားစသည့် ကုန်ကြမ်းပစ္စည်းများကို အသုံးပြု၍ ထမနဲထိုးရကာ ရရှိလာသော ထမနဲများကို ဘုရားဆွမ်းကပ်ခြင်း၊ ဘုန်းကြီးဆွမ်းလောင်းလှူခြင်း၊ အလှူအတန်းများပြုလုပ်ခြင်းနှင့် အနီးပတ်ဝန်းကျင်ရှိ အိမ်နီးနားချင်းများကို ပေးဝေလေ့ရှိကြောင်း သိရသည်။

မောင်မောင် (မင်းဘူး)