မုံရွာ ဖေဖော်ဝါရီ ၂၃
စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်များ၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ယမန်နေ့ နံနက်ပိုင်းတွင် ကလေးမြို့ မဟာစည်သာသနာ့ရိပ်သာကျောင်းတိုက်ရှိ မြို့နယ် သံဃနာယက အဖွဲ့(သုဓမ္မာ) ဥက္ကဋ္ဌ၊ ကံသာယာသာသနာပြုဗဟိုကျောင်းတိုက် ထေရဝါဒဗုဒ္ဓသာသနာပြုဗဟို ဆရာတော် ဘဒ္ဒန္တဇဝနနှင့် မြို့နယ်သံဃနာယကအဖွဲ့ အကျိုးတော်ဆောင်(သုဓမ္မာ) မဟာစည် သာသနာ့ရိပ်သာကျောင်းတိုက်၊ မဟာကမ္မဌာနာစရိယဆရာတော် ဘဒ္ဒန္တဓမ္မာနန္ဒတို့အား သွားရောက်ဖူးမြော်ကြည်ညို၍ သာသနာရေးဆိုင်ရာများကို လျှောက်ထားတင်ပြခဲ့ပြီး ဆရာတော်ကြီးများထံသို့ ဆွမ်းဆန်တော်နှင့် လှူဖွယ်ပစ္စည်းများအား ဆက်ကပ်လှူဒါန်းခဲ့ပြီး ရှေးဟောင်းသမိုင်းဝင်ရွှေဘုံသာစေတီတော်၊ ရာဇမုနိရှစ်မျက်နှာ စေတီတော်နှင့် ဓမ္မာရုံတို့ ရေရှည်တည်တန့်ရေးအတွက် ပြုပြင်ထိန်းသိမ်း ဆောင်ရွက်ရေးလုပ်ငန်းများအား တာဝန်ရှိသူများနှင့် လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့သည် အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းနှင့် အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်းသို့ ရောက်ရှိကာ ခရိုင်ပညာရေးမှူး၊ ကျောင်းအုပ်ကြီးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် အတူ (Grade 5)၊ (Grade 9) ကျောင်းသား၊ ကျောင်းသူများ တန်းစဉ်ကူးပြောင်းမှု နှစ်ဆုံးစာမေးပွဲဖြေဆိုနေမှုတို့အား လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
၂၀၂၃-၂၀၂၄ ပညာသင်နှစ် တန်းစဉ်ကူးပြောင်းမှု နှစ်ဆုံးစာမေးပွဲတွင် ကလေးမြို့နယ် စာစစ်ဌာန (၅၀)ခု၌ (Grade 5) ကျောင်းသား/သူ (၂၃၃၄)ဦးနှင့် (Grade 9) ကျောင်းသား/သူ (၂၄၂၁)ဦး စုစုပေါင်း ကျောင်းသား/သူ (၄၇၅၅) ဦး ဖြေဆိုခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး (ပြန်/ဆက်)