မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် နည်းပညာတက္ကသိုလ်(မကွေး) ထမနဲထိုးပြိုင်ပွဲ ကျင်းပနေမှုအား ကြည့်ရှုအားပေးပြီး ၂၄၀ ဦးဆံ့ အမျိုးသမီးသုံးထပ်အိပ်ဆောင် တည်ဆောက်နေမှုအား ကွင်းဆင်းကြည့်ရှု

မကွေး ဖေဖော်ဝါရီ ၂၃

မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက် ၉ နာရီက နည်းပညာတက္ကသိုလ်(မကွေး) ထမနဲထိုးပြိုင်ပွဲ ကျင်းပနေမှုအား ကြည့်ရှုအားပေးပြီး အမျိုးသမီး သုံးထပ်အိပ်ဆောင် တည်ဆောက်နေမှုအား ကွင်းဆင်းကြည့်ရှုခဲ့သည်။

ရှေးဦးစွာ နည်းပညာတက္ကသိုလ်(မကွေး) အစည်းအဝေးခန်းမတွင် ဒုတိယပါမောက္ခချုပ် ဒေါက်တာတင့်ဆန်းက နည်းပညာတက္ကသိုလ်(မကွေး) ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် 20 KW Solor System လုပ်ငန်းများအား ရှင်းလင်းတင်ပြခဲ့ပြီး၊ တင်ပြချက်များအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။

ထို့နောက် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တာဝန်ရှိသူများသည် နည်းပညာတက္ကသိုလ်(မကွေး) ဖူဆယ်ဘောလုံးကွင်းတွင် သက်ဆိုင်ရာဘာသာရပ်အလိုက် ကျောင်းသား၊ ကျောင်းသူများက မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲ ပျော်ရွှင်စွာ ယှဉ်ပြိုင်နေမှုကို ကြည့်ရှုအားပေးကာ၊ ပြိုင်ပွဲတွင် နှစ်သိမ့်ဆုရရှိသည့် မြို့ပြအင်ဂျင်နီယာကိုယ်စားပြုအသင်းကို လူမှုရေးရာဝန်ကြီး ဦးမျိုးမြင့်ကလည်းကောင်း၊ တတိယဆုရရှိသည့် စက်မှုအင်ဂျင်နီယာကိုယ်စားပြုအသင်းကို လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်သူဦးကလည်းကောင်း၊  ဒုတိယဆုရရှိသည့် လျှပ်စစ်စွမ်းအား အင်ဂျင်နီယာကိုယ်စားပြုအသင်းကို သယံဇာတရေးရာဝန်ကြီး ဦးစိုင်းမြင့်အေးကလည်းကောင်း၊ ပထမဆုရရှိသည့် အီလက်ထရောနစ်အင်ဂျင်နီယာ ကိုယ်စားပြုအသင်းကို မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်ကလည်းကောင်း ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ပြီး၊ ပြိုင်ပွဲဝင်အသင်း တစ်သင်းလျှင်(၁)သိန်းနှုန်းဖြင့် ပြိုင်ပွဲဝင်အသင်းအားလုံးအတွက် ဂုဏ်ပြုဆုငွေများကို တိုင်းဒေသကြီးဝန်ကြီးချုပ်က ထပ်ဆောင်းချီးမြှင့်ပေးခဲ့သည်။

ယင်းနောက် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တာဝန်ရှိသူများသည် အမျိုးသမီးသုံးထပ်အိပ်ဆောင် တည်ဆောက်နေမှုအခြေအနေအား ကြည့်ရှုရာ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က တင်ပြချက်များနှင့်စပ်လျဉ်း၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

အဆိုပါ ၂၄၀ ဦးဆံ့ အမျိုးသမီးသုံးထပ်အိပ်ဆောင်ကို ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်မှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အထိ (နှစ်ဆက်ဘတ်ဂျက်) ခွင့်ပြုရန်ပုံငွေကျပ် ၁၇၆၈ ဒသမ ၇၂၈ သန်းဖြင့် ရွှေမန်း (မကွေး)ကုမ္ပဏီမှ တာဝန်ယူတည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။

မောင်ညီညာ