ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်သည် ကန်ကြီးထောင့်မြို့နယ်ရှိ တောင်သူလယ်သမားနေ့ အခမ်းအနားကျင်းပပြုလုပ်ရန် ပြင်ဆင်နေမှုအခြေအနေများအား လာရောက်ကြည့်ရှု

ကန်ကြီးထောင့် ဖေဖော်ဝါရီ ၂၃

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်အဖွဲ့သည် ကန်ကြီးထောင့် မြို့နယ်၊ ဝါးဒူးကျေးရွာရှိ တောင်သူလယ်သမားနေ့ အခမ်းအနားကျင်းပပြုလုပ်ရန် ပြင်ဆင်နေမှုအခြေအနေများအား ယနေ့နံနက်(၉)နာရီ(၁၅)မိနစ်အချိန်က လာရောက် ကြည့်ရှုခဲ့ကြသည်။

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ဦးဆောင်၍ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမိုးမင်းနိုင်နှင့် တိုင်းအဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ခရိုင်အဆင့်ဌာန ဆိုင်ရာအကြီးအကဲများသည် ကန်ကြီးထောင့်မြို့နယ်၊ ဝါးဒူးကျေးရွာ၌ မတ်လ(၂)ရက်နေ့တွင် ကျရောက်မည့် တောင်သူလယ်သမားနေ့ အခမ်းအနားအား ကျင်းပပြုလုပ်မည်ဖြစ်ရာ အခမ်းအနားအား စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ရန် ပြင်ဆင်နေမှုများဖြစ်ကြသည့် အဆောက်အဦများ ဆောက်လုပ်ထားရှိခြင်း နှင့်ဟင်းသီးဟင်းရွက်ပင်များ စိုက်ပျိုးထားခြင်းအခြေအနေများကို လှည့်လည်ကြည့်ရှုခဲ့ကြသည်။

ထိုသို့ကြည့်ရှုရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်အောင်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသခဲ့ကြရာ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်းသိရသည်။

ကျော်ဇင်စိုး (ပြန်/ဆက်)