ကန်ကြီးထောင့် ဖေဖော်ဝါရီ ၂၃
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ကန်ကြီးထောင့်မြို့နယ်အတွင်းရှိ နိုင်ငံ့ဝန်ထမ်း ပင်စင်စားများအား (အခမဲ့) ကျန်းမာရေး စောင့်ရှောက်ပေးခြင်းများနှင့် အခြေခံစားသောက်ကုန်များအား ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးခြင်းကို ယမန်နေ့ နံနက် (၇) နာရီအချိန်က ကန်ကြီးထောင့်မြို့နယ်၊ မြန်မာ့စီးပွားရေးဘဏ်တွင် ဆောင်ရွက်ပေးခဲ့ကြသည်။
ထိုသို့ ဆောင်ရွက်ပေးရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဝန်ထမ်းများနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများမှ မြို့နယ်မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်လာရောက်ထုတ်ယူကြသော နိုင်ငံ့ဝန်ထမ်း ပင်စင်စားများအား အခြေခံစားသောက်ကုန်များဖြစ်ကြသည့် ဆီနှင့် ကြက်ဥများကို ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးခဲ့ကြပြီး ကွေကာအုပ်နှင့် မုန့်များအား ထောက်ပံ့ပေးအပ်ခဲ့ကြသည်။ ဆက်လက်ပြီး ကန်ကြီးထောင့်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနအဖွဲ့များမှ ပင်စင်လာရောက် ထုတ်ယူကြသော နိုင်ငံ့ဝန်ထမ်း ပင်စင်စားများအား (အခမဲ့) ကျန်းမာရေး စောင့်ရှောက်ပေးခြင်း၊ ဆေးဝါးများ ထောက်ပံ့ပေးခြင်း၊ ဆေးဝါးကုသမှုများအား ဆောင်ရွက်ပေးခဲ့ကြပြီး မြို့နယ်လူဝင်ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ တာဝန်ရှိသူများမှလည်း နိုင်ငံ့ဝန်ထမ်း ပင်စင်စားများအား (Biometric Data) ဇီဝဆိုင်ရာ အချက်အလက်များ ကောက်ယူခြင်းများကို ဆောင်ရွက်ပေးခဲ့ကြသည်။
အဆိုပါ ဆောင်ရွက်ပေးနေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဝန်ထမ်းများ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့၊ အမျိုးသမီးရေးရာအဖွဲ့နှင့် မြို့ပေါ်၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများက ကြည့်ရှုအားပေးခဲ့ကြပြီး လိုအပ်သည်များကို ပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
ကျော်ဇင်စိုး (ပြန်/ဆက်)