ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး ရှေ့တန်းရောက်တပ်မတော်သားများအတွက် စားသောက်ဖွယ်ရာများ ထောက်ပံ့

ဘားအံ ဖေဖော်ဝါရီ ၂၃

ကရင်ပြည်နယ်အစိုးရအဖွဲ့၏အစီအစဉ်ဖြင့် နိုင်ငံတော်လုံခြုံရေးနှင့်ကာကွယ်ရေးတာဝန်များကို စွမ်းစွမ်းတမံ ထမ်းဆောင်လျက်ရှိသော ရှေ့တန်းရောက်တပ်မတော်သားများအတွက် အသင့်စားသုံးနိုင်သော စားသောက်ကုန်ပစ္စည်းများကို အခါအားလျော်စွာ ပို့ဆောင်ထောက်ပံ့ပေးလျက်ရှိရာ  ဖေဖော်ဝါရီလ ၂၁ ရက်နေ့ နံနက် ၁၀ နာရီအချိန်က ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)၌ ရှေ့တန်းရောက်တပ်မတော်သားများအတွက် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခဲ့သည်။

ထိုသို့ ထောက်ပံ့ပေးအပ်ရာတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက တပ်မတော်သားများသည် ဒို့တာဝန်အရေးသုံးပါးကိုဦးထိပ်ပန်ဆင်၍ နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးကို သက်စွန့် တာဝန်ထမ်းဆောင်နေကြသူများဖြစ်ပြီး စဉ်ဆက်မပြတ်ပေးပို့လှူဒါန်းနိုင်ရေး ထပ်မံထောက်ပံ့ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ရှေ့တန်းစစ်မျက်နှာများတွင် တာဝန်ထမ်းဆောင်နေကြသူများအားလုံး အန္တရာယ်ကင်းဘေးရှင်း၍ တိုက်ပွဲတစ်ရာ အောင်ပွဲတစ်ရာ ရရှိနိုင်ကြပါစေကြောင်း အဖွင့်အမှာစကားပြောကြားရာတွင် ထည့်သွင်းပြောကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က အရှေ့တောင်တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက်ရှိ ရှေ့တန်းရောက် တပ်မတော်သားများအတွက် အသင့်စားသုံးနိုင်သော ငါးပိဗာလချောင်ကြော်၊ ငါးခြောက်ကြော်၊ အသားတုကြော် ဘူးပေါင်း ၃၃၀၀ ကျော်ကို အရှေ့တောင်တိုင်း စစ်ဌာနချုပ် ဒုတိယတိုင်းမှူးထံ ထောက်ပံ့ပေးအပ်ရာ ဒုတိယတိုင်းမှူးက လက်ခံရယူပြီး တိုင်းပြည်တာဝန်များကို စွမ်းစွမ်းတမံထမ်းဆောင်နေကြသည့် ရှေ့တန်းရောက်တပ် မတော်သားများကိုယ်စား ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။

အလားတူ ဖေဖော်ဝါရီလ ၁၉ ရက်နေ့နှင့် ၁၇ ရက်နေ့တို့တွင် နိုင်ငံတော်ကာကွယ်ရေး တာဝန်ထမ်းဆောင်နေကြသည့် ရှေ့တန်းရောက်တပ်မတော်သားများအတွက် အသင့်စားသုံးနိုင် သော အစားအစာများပေးပို့ လှူဒါန်းနိုင်ရေးအတွက် ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ် ဝန်ကြီးချုပ်၏ ဇနီးနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၏ ဇနီးများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများစုပေါင်း၍ ပြည်ထောင်စုရိပ်သာ၌ ငါးပိ၊ ငါးခြောက်၊ ငရုပ်၊ ကြက်သွန်၊ အသားတုအစရှိသည့် စားသောက်ကုန်ပစ္စည်းများအား ကြော်လှော်ချက်ပြုတ် ပြင်ဆင်ထုပ်ပိုးနေမှုများကို ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များက သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)