မြဝတီ ဖေဖော်ဝါရီ ၂၃
ကရင်ပြည်နယ်၊ မြဝတီခရိုင် လူမှုဝန်ထမ်းဦးစီးဌာန လက်အောက်ရှိ မြို့မကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်း၏ ၂၀၂၃ -၂၀၂၄ ပညာသင်နှစ်၊ မူလတန်းကြိုပြီးမြောက်ကြောင်း လက်မှတ်ချီးမြှင့်ပွဲ၊ ကျောင်းသင်္ကြန်နှင့် နှုတ်ဆက်မုန့်စားပွဲ အခမ်းအနားကို ဖေဖော်ဝါရီလ ၂၁ ရက် နံနက် ၉ နာရီတွင် အမှတ် ၄ ရပ်ကွက်၊ ပညာရွှေဖူး ကိုယ်ပိုင်မူလတန်းကျောင်းခန်းမဆောင်၌ ကျင်းပသည်။
အခမ်းအနားတွင် ကျောင်သား၊ကျောင်းသူလေးများက ဘက်စုံပညာရည် တို့လှမ်းချီ တေးသီချင်း သီဆိုဖျော်ဖြေခဲ့ကြပြီး မူလတန်းကြိုပြီးမြောက်ကြောင်း လက်မှတ်ချီးမြှင့်ပွဲ ကျင်းပခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်(၂) ဦးအောင်မင်းစိုး၊ ခရိုင်ပညာရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးသန်းထွန်းနှင့် လက်ထောက်ညွှန်ကြားရေးမှူး ဦးမင်းကျော်ဉာဏ်ခိုင်၊ မြို့မကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်း တည်ထောင်သူနာယက ဦးသန်းရွှေ၊ ဥက္ကဋ္ဌ ဦးမြင့်ကျော်နှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကျောင်းအုပ်ကြီးများ၊ အမှတ် (၄) ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစည်လှိုင်နှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များက ကျောင်းသား၊ ကျောင်းသူ ၉၅ ဦးတို့အား တစ်ဦးချင်းအလိုက် ချီးမြှင့်ပေးသည်။ ထို့နောက် ဧည့်သည်တော်များက ကျောင်းသား၊ ကျောင်းသူလေးများ၏ ပြည်မြန်မာတေးသီချင်း၊ တေးသံသာအက၊ အလှများဖြင့် ဖျော်ဖြေတက်ဆက်ပေးမှုကို ကြည့်ရှုအားပေးခဲ့ကြပြီး မြန်မာ့ရိုးရာသင်္ကြန် မုန့်စားပွဲတော်ကို ပျော်ရွှင်ဖွယ် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြကြောင်း သိရသည်။
ဇာဖြူဝင်း(ပြန်/ဆက်)