ဟင်္သာတမြို့နယ်၌ နိုင်ငံ့ဝန်ထမ်းပင်စင်စားများအား အခမဲ့ကျန်းမာရေး စောင့်ရှောက်မှုနှင့် အခြေခံစားသောက်ကုန်များ စျေးနှုန်းသက်သာစွာ ရောင်းချပေး

ဟင်္သာတ ဖေဖော်ဝါရီ ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ရုံးဝန်းအတွင်း၌ မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်လာရောက် ထုတ်ယူကြသော နိုင်ငံ့ဝန်ထမ်း (အငြိမ်းစား) ပင်စင်စားများအား အခမဲ့ကျန်းမာရေး ဆောင်ရွက်ပေးမှုနှင့် အခြေခံစားသောက်ကုန်များ စျေးနှုန်းသက်သာစွာ ရောင်းချပေးခြင်းကို ယနေ့နံနက် (၆) နာရီမှ စတင်၍ အဆိုပါနေရာတွင် ပြုလုပ်ခဲ့သည်။

ထိုသို့ ကျန်းမာရေးစောင့်ရှောက်မှုပေးရာသို့ ဟင်္သာတမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ ဦးညွန့်ဆန်းထွန်းနှင့် အဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ် အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်းဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းဝင်များ၊ အုပ်ချုပ်ရေးအဖွဲ့များက လိုအပ်သော ကူညီစောင့်ရှောက်မှုများ လိုက်လံဆောင်ရွက်ပေးခဲ့ကြသည်။

အဆိုပါ ကျန်းမာရေး စောင့်ရှောက်မှုပေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မေသန္တာနှင့် ကျန်းမာရေး ဝန်ထမ်းများ၊ သူနာပြုများ၊ လူမှုရေးအသင်းအဖွဲ့များက နိုင်ငံ့ဝန်ထမ်း ပင်စင်စားများအား မှတ်တမ်းစာရင်း ရေးသွင်း၍ သွေးပေါင်ချိန်ခြင်း၊ ဆီးချို၊ သွေးချို စစ်ပေးခြင်း၊ သွေးတွင်း အောက်ဆီဂျင် တိုင်းတာခြင်းများ၊ ကိုဗစ် ထပ်ဆောင်း ကာကွယ်ဆေးများ ထိုးနှံပေးခြင်းတို့ ဆောင်ရွက်ပေးခဲ့ပြီး အထွေထွေ ရောဂါလူနာများအား လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးခဲ့ကြောင်းနှင့် ဟင်္သာတခရိုင် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၊ မြို့နယ်စားသုံးသူရေးရာ၊ မြို့နယ်တိမွေးကုဦးစီးဌာန၊ မွေးမြူရေး လုပ်ငန်းရှင်များအသင်းနှင့် ဆန်စက်လုပ်ငန်းရှင်များ အသင်းတို့မှ ပင်စင်စားများအား ဆီတစ်ပိဿာလျှင် (၅၆၀၀) ကျပ်နှုန်းဖြင့် ဆီ(၄၄၀)ပိဿာအားလည်းကောင်း၊ ဆင်းသုခဆန် (၁)ပြည်လျှင် (၃၀၀၀)ကျပ်နှုန်းဖြင့် ဆန်(၂၄)ပြည်ဝင် အိတ်(၂၀)အား လည်းကောင်း၊ ကြက်ဥ(၁)လုံးလျှင် (၂၅၀)ကျပ်နှုန်းဖြင့် အလုံးရေ (၂၀၀၀) တို့အားလည်းကောင်း  အသီးသီး ရောင်းချပေးခဲ့ကြကြောင်း သိရှိရပါသည်။

ခရိုင် (ပြန်/ဆက်)