စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ကလေးမြို့ရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

ကလေး ဖေဖော်ဝါရီ ၂၂

ရှေးဦးစွာ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်သည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ကလေးခရိုင် စိုက်ပျိုးရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ယမန်နေ့ နံနက်ပိုင်းက သီးနှံအလိုက်ပန်းတိုင် အထွက်နှုန်းရရှိရေးနှင့် စိုက်ပျိုးစွမ်းအားမြှင့်တင်ရေးအတွက် စိုက်ပျိုးရေးဝန်ထမ်းများ၊ ဒေသခံတောင်သူများနှင့် တွေ့ဆုံပွဲအခမ်းအနားကို တက်ရောက်သည်။

အခမ်းအနားတွင် ကလေးခရိုင် စိုက်ပျိုးရေးဦးစီးမှူး၊ လယ်ယာမြေ စီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးမှူးနှင့်၊ စက်မှုလယ်ယာဦးစီးမှူးတို့က သက်ဆိုင်ရာဌာနအလိုက် ပန်းတိုင်အထွက်နှုန်းရရှိရေးနှင့် စိုက်ပျိုးစွမ်းအားမြှင့်တင်ရေး ကြိုးပမ်းဆောင်ရွက်နေမှုအခြေအနေများကို တင်ပြကြသည်။

ထို့နောက် တိုင်းအစိုးရအဖွဲ့ဝန်ကြီးချုပ်က ရာသီအလိုက်စိုက်ပျိုးဧကများ ပြည့်မီကျော်လွန်ရေးနှင့် သီးနှံအလိုက် တစ်ဧကပန်းတိုင်အထွက်နှုန်းရရှိရေး ကြိုပမ်းဆောင်ရွက်ရန် လိုအပ်မှုများ၊ လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် မျိုး၊ မြေ၊ ရေ၊ နည်း(၄)မျိုးကို အသုံးပြုရန် လိုအပ်မှုနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ စားရေရိက္ခာပေါများရေးအတွက် ဒေသခံတောင်သူများအပေါ် ထောက်ပံ့ပေးနေမှုအ‌ခြေအနေများ၊ ကလေးခရိုင်သည် ဆန်၊ ဆီ၊ ဆား၊ ပဲ ဖူလုံအောင် စိုက်ပျိုးနိုင်သည့်အပြင် နေကြာသီးနှံကိုလည်း အောင်မြင်ဖြစ်ထွန်းအောင် စိုက်ပျိုးကာ နေကြာဆီထုတ်လုပ်လျှက်ရှိသောကြောင့် ဒေသ၏ အဓိကထုတ်ကုန်အဖြစ် ထုတ်လုပ်နိုင်နေပြီဖြစ်ပါကြောင်း၊ လာမည်စိုက်ပျိုးရာသီတွင် အတွေ့အကြုံ ကောင်းများဖြင့် လျာထားချက်ထက် ပိုမိုစိုက်ပျိုးခြင်းနှင့် တစ်ဧကပန်းတိုင်အထွက်နှုန်းရရှိရေး ကြိုးပမ်းဆောင်ရွက်သွားကြရန် တိုက်တွန်း ပြောကြားခဲ့သည်။

ထို့နောက် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင်စိုးက ဖြည့်စွက်ရှင်းလင်း တင်ပြခဲ့သည်။

ယင်းနောက် ဒေသခံတောင်သူများ၏ တင်ပြချက်များအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်မှ တာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပြီး စိုက်ပျိုးရေးသွင်းအားစုများကို တောင်သူများထံပေးအပ်၍ တက်ရောက်လာသည့် တောင်သူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ကာ စိုက်ပျိုးရေး သွင်းအားစုများ ခင်းကျင်းပြသထားမှုကို ကြည့်ရှုခဲ့သည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ကလေးမြို့နယ်စုပေါင်းရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည့် ကလေးခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများနှင့် တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က  ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဝန်ထမ်းများအနေဖြင့်  မိမိတို့၏လုပ်ငန်းတာဝန်များကို အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ကိုယ်စီတာဝန်များကို ကျေပွန်စွာဆောင်ရွက်ရန်လိုအပ်ကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ဒေသတည်ငြိမ်အေးချမ်းပြီး တရားဥပဒေစိုးမိုးရန် ဆောင်ရွက်နေမှု၊ စားရေရိက္ခာ ပေါများရေးနှင့် ပြည်သူများ၏လူမှုစီးပွားဘ၀ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နေမှု၊ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေမှု အခြေအနေများအား ရှင်းလင်းပြောကြားခဲ့သည်။

ယင်းနောက် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ ဗိုလ်မှူးကြီးဝင်းတင်စိုး၊ လူမှုရေးရာဝန်ကြီး၊ ဦးညွန့်ဝင်းအောင်နှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ ဦးခင်မောင်အေးတို့က မိမိတို့တာဝန်ယူ ဆောင်ရွက်နေမှုများနှင့် ပတ်သက်၍ အသီးသီးရှင်းလင်း  ဆွေးနွေးပြောကြားခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က ကလေးခရိုင်ဌာနဆိုင်ရာဝန်ထမ်းများအတွက် ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌထံ ငွေကျပ် ၁၀ သိန်း၊ ကလေးမြို့နယ်ဌာနဆိုင်ရာ ဝန်ထမ်းများအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌထံ ငွေကျပ် ၁၀ သိန်းနှင့်  တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင်စိုးက လုံခြုံရေးတာဝန်ထမ်းဆောင်နေသူများအတွက် ငွေကျပ် ၁၀ သိန်းတို့ကို ပေးအပ်ထောက်ပံ့ခဲ့ပြီး အခမ်းအနားတက်ရောက်လာသည့် ဌာနဆိုင်ရာ ဝန်ထမ်းများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေးခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကလေးမြို့၊ ကုတင် ၃၀၀ ဆံ့ ပြည်သူ့ဆေးရုံသို့ရောက်ရှိရာ ဆေးရုံအုပ်ကြီး ဒေါက်တာသန်းနိုင်ထွဋ်မှ  ဆေးရုံတိုးချဲ့ဆောင် တည်ဆောက်နေမှု လုပ်ငန်းများရှင်းလင်းတင်ပြမှုအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးကာ ကျန်းမာရေးဝန်ထမ်းများအတွက် ထောက်ပံ့ငွေကျပ် ၁၀ သိန်းနှင့် ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူနေကြသော ဒေသခံပြည်သူများအတွက် အဟာရဖြည့်စွက်စာများ ထောက်ပံ့ပေးအပ်ခဲ့ပြီး ဆရာဝန်များ၊ သူနာပြုများနှင့် ကျန်းမာရေးဝန်ထမ်းများအား ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်အားပေးခဲ့သည်။

ဆက်လက်၍ ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် အင်ဒိုင်းလေးကျေးရွာသို့ သွားရောက်၍ တိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ  အကောင်အထည်ဖော် ဖောက်လုပ်ပေးခဲ့သည့် အင်ဒိုင်းလေး - အင်ဒိုင်းကြီး - သက္ကယ်ကျင်း ကျေးလက်ကုန်ထုတ်လမ်း ဖောက်လုပ်ပြီးစီးနေမှုနှင့် အင်ဒိုင်းကြီးကျေးရွာအုပ်စု ကွင်းအမှတ် ၈၄၁၊ တောင်သူဦးစံဗျူး၏ နေကြာစိုက်ခင်းတွင် ဒေသခံတောင်သူများနှင့် တွေ့ဆုံရာ ကလေးခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူးဦးအောင်က ခရိုင်အတွင်းဆောင်းသီးနှံနှင့် နေကြာစိုက်ပျိုးပြီးစီးမှု၊ ရေဆင်းစပ်မျိုး ၁ နေကြာ စံပြစိုက်ကွက် စိုက်ပျိုးထားရှိမှုများအား ရှင်းလင်းတင်ပြီး တက်ရောက်လာသော တောင်သူများ၏တင်ပြမှုအပေါ် သီးနှံများပန်းတိုင် အထွက်နှုန်းပြည့်မီ၍ စိုက်ပျိုးစွမ်းအားမြှင့်တင်နိုင်ရေးအတွက် တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)