ကြို့ပင်ကောက် ဖေဖော်ဝါရီ ၂၂
ပဲခူတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့ အမှတ် ၈၇ သစ်စက်တွင် မီးဘေးကြိုတင်ကာကွယ်ရေးသရုပ်ပြပွဲနှင့် အသိပညာပေးဆွေးနွေးခြင်းတို့ကို ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။
နိုင်ငံပိုင်ရုံးဌာနအဆောက်အဦများ ဌာနပိုင်ပစ္စည်းများ မီးဘေးအန္တရာယ်ကြောင့် ဆုံးရှုံးနစ်နာမှုများ မဖြစ်ပေါ်စေရေးနှင့် ဝန်ထမ်းများအနေဖြင့် မီးဘေးအန္တရာယ်ကြုံတွေ့လာပါက လျင်မြန်စွာ တုံ့ပြန်ဆောင်ရွက်နိုင်ကြစေရန်အတွက်ရည်ရွယ်၍ မီးသတ်ဆေးဗူးဖြင့် မီးငြိမ်းသတ်နည်း မီးသတ်ယာဉ်ဖြင့် မီးငြိမ်းသတ်နည်းတို့ကို လက်တွေ့သရုပ်ပြဆောင်ရွက်ပြီး ဝန်ထမ်းလိုင်းခန်းများ၌ ထမင်းဟင်းချက်ရာတွင် အသုံးပြုနေသော မီးဖိုများအား စည်းစနစ်ကျနစွာ အသုံးပြုနိုင်စေရေးတို့ကို မြို့နယ်မီးသတ်ဦးစီးမှူးနှင့် တပ်ဖွဲ့ဝင်များက ကြည့်ရှုစစ်ဆေးပြီး အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ မီးဘေးကြိုတင်ကာကွယ်ရေးသရုပ်ပြပွဲနှင့် အသိပညာပေးဆွေနွေးခြင်းများကို မြို့နယ်မီးသတ်ဦးစီးမှူးနှင့် တပ်ဖွဲ့ဝင်များမှသရုပ်ပြဆောင်ရွက်ခဲ့ရာ ပြည်တွင်းရောင်းဝယ်ရေးနှင့် သစ်စက်ဌာန ရောင်းစက်ဌာနမှူး ဦးတင်လင်း၊ ပြည်ဒေသမန်နေဂျာ ဦးကြီးမြင့်၊ အမှတ် ၈၇ သစ်စက် စက်ရုံမှူး ဦးလှမြင့်တို့က ကြည့်ရှုအားပေးခဲ့ပြီး အမှတ် ၈၇ သစ်စက် ဝန်ထမ်းများအား မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများအား အထူးအလေးထားဆောင်ရွက်သွားကြရန် မှာကြားခဲ့ကြောင်း သိရသည်။
ဇေယျာထွန်း (ကြို့ပင်ကောက်)