လပွတ္တာ ဖေဖော်ဝါရီ ၂၂
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ် မီးသတ်ဦးစီးမှူးရုံးက ကြီးမှူးပြုလုပ်သည့် ရှာဖွေကယ်ဆယ်ရေးမွမ်းမံသင်တန်း အမှတ်စဥ် (၁/၂၀၂၄) ကို ဖေဖော်ဝါရီလ ၁၉ ရက် နေ့က အဆိုပါရုံးတွင် ဖွင့်လှစ်သင်ကြားခဲ့သည်။
ရှေးဦးစွာ အခမ်းအနားတွင် လပွတ္တာမြို့နယ် မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးစိမ်းကိုကိုက အဖွင့်မှာစကားပြောကြားရာတွင် လပွတ္တာမြို့နယ်အတွင်း ငလျင်ဘေးအန္တရာယ် အပါအဝင် သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားလာပါက သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များနှင့် အတူ ရှေ့တန်း
ကျကျရင်ဆိုင်တုံ့ပြန်ကြရမည့် အရန်မီးသတ်တပ်ဖွဲ့ဝင်များအပြင် မိတ်ဖက်အဖွဲ့အစည်းများဖြစ်ကြသည့် ပရဟိတအဖွဲ့အစည်းများ၊ လူမှုရေးအဖွဲ့အစည်းများနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင် များအနေဖြင့် ရှာဖွေကယ်ဆယ်ရေးစွမ်းဆောင်ရည် ပိုမိုမြင့်မားလာစေရန်နှင့် ခေတ်မီ အဆင့်မြင့် ရှာဖွေကယ်ဆယ်ရေးပစ္စည်းများ စနစ်တကျကျွမ်းကျင်စွာ အသုံးပြုတတ်စေရန် ဖြစ်ကြောင်း၊ လပွတ္တာမြို့နယ်အတွင်း ပရဟိတရှာဖွေကယ်ဆယ်ရေး တပ်စုများအပြင် အခြား တပ်ဖွဲ့ဝင်များကိုလည်း လေ့ကျင့်သင်ကြားပေးရန်လိုအပ်ကြောင်း၊ လေ့ကျင့်မှုများကို စဥ်ဆက်မပြတ် ဆောင်ရွက်သွားရန်နှင့် လေ့ကျင့်မှ ကျွမ်းကျင်မှုများ ရရှိလာမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
အဆိုပါသင်တန်းကို ဖေဖော်ဝါရီ ၁၉ ရက်မှ မတ်လ ၁၅ ရက်နေ့အထိသင်ကြား ဖွင့်လှစ်သွားမည်ဖြစ်ပြီး သင်တန်းသို့ သင်တန်မှူးများ၊ သင်တန်းသား သန္ဓေမီးသတ်တပ်ဖွဲ့ (၅၀) ဦးနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင် (၁၅) ဦးတို့ တက်ရောက်ခဲ့ကြပြီး သင်တန်းတွင် စာတွေ့နှင့် လက်တွေ့သရုပ်ပြသခြင်းများဖြင့် သင်ကြားပေးခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)