ဘားအံ ဖေဖော်ဝါရီ ၂၂
ပြည်သူ့စစ်မှုထမ်းဆိုင်ရာ သိကောင်းစရာဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲ(၁)နာရီက ဘားအံပညာရေးဒီဂရီကောလိပ်၊ သီရိခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ဆရာ/ဆရာများ၊ သင်တန်းသား/သင်တန်းသူများ (၅၀၀)ဦးခန့် တက်ရောက်ခဲ့ကြသည်။
အဆိုပါဆွေးနွေးပွဲတွင် ဘားအံခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ညွန့်ဝေက ပြည်သူ့စစ်မှုထမ်းဥပဒေအကြောင်းအရာများနှင့် ပတ်သက်သည်များကို ဆွေးနွေးခဲ့ပြီး ကရင်ပြည်နယ် ဥပဒေချုပ်ရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးညီညီလွင်က ပြည်သူ့စစ်မှုထမ်းဥပဒေပြဌာန်းရခြင်း၏ ရည်ရွယ်ချက်၊ အမည်၊ စတင်အာဏာတည်တံ့ခြင်းနှင့် အဓိပ္ပာယ်ဖော်ပြချက်၊ ပြည်သူ့စစ်မှုထမ်းရန်ကာလ၊ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ အဆင့်ဆင့်ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းတာဝန်များ၊ ပြည်သူ့စစ်မှုထမ်းတို့၏ ခံစားခွင့်များ၊ ပြည်သူ့စစ်မှုထမ်းခြင်းမှ ကင်းလွတ်ခွင့်ရသူများ၊ ပြည်သူ့စစ်မှုထမ်းခြင်းမှ ယာယီကင်းလွတ်ခွင့်ရသူများ၊ ပြစ်မှုနှင့်ပြစ်ဒဏ်များ အကြောင်းကို ရှင်းလင်းဆွေးနွေးခဲ့ပြီးနောက် တက်ရောက်လာကြသည့် ဘားအံပညာရေးဒီဂရီကောလိပ်မှ သင်တန်းသား/သင်တန်းသူ၊ ဆရာ/ဆရာမများက သိရှိလိုသည်များ မေးမြန်းဆွေးနွေးကြရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားဆွေးနွေးပေးခဲ့ကြောင်း သိရှိရသည်။
ခရိုင်(ပြန်/ဆက်)