ပေါက်ခေါင်းမြို့၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလိုက်လံစစ်ဆေး

ပေါက်ခေါင်း ဖေဖော်ဝါရီ ၂၂

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်အတွင်း ပြည်သူများ၏‌ နေအိမ်များ၊ ဌာနဆိုင်ရာရုံးအဆောက်အဦများ ဆုံးရှုံးမှုမရှိစေရေးနှင့် မီးဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာနမှ ယနေ့နံနက် ၁၀ နာရီအချိန်က မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး လိုက်လံစစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါ စစ်ဆေးမှုတွင် မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမျိုးသူ‌အောင် ဦးဆောင်လမ်းညွှန်မှုဖြင့် ဒုမီးသတ်ဦးစီးမှူးဦးအေးကျော်ဇင်ထွန်းနှင့် တပ်ဖွဲ့ဝင်များက မြို့နယ်စီမံကိန်းရုံး၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်နှင့်စာတိုက်တို့၌ မီးသုံးစွဲမှုအခြေအနေ၊ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် မီးဘေးလုံခြုံမှုရှိစေရေးအတွက် ရေပုံး၊‌ ရေကန်၊ သဲ၊ မီးချိတ်၊ မီးကပ်များ ညွှန်ကြားချက်နှင့်အညီ ထားရှိခြင်း ရှိ/ မရှိ စစ်ဆေးခြင်း၊ လျှပ်စစ်ဝါယာကြိုးများ သွယ်တန်းမှုစနစ်တကျရှိရေး၊ မီးလောင်လွယ်သော အမှိုက်သရိုက်များ ရှင်းလင်းဆောင်ရွက်ရန်၊ မီးသတ်ဆေးဗူးများ စနစ်တကျသုံးစွဲတတ်စေရေးနှင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနည်းလမ်းများ၊ မီးဘေးအန္တရာယ်ဖြစ်ပွားပါက ဆောင်ရွက်ရမည့် နည်းလမ်းများ၊ မီးဘေးအန္တရာယ်ဖြစ်ပွားပြီးပါက ဆောင်ရွက်ရမည့်အစီအမံများကို အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သန်းထွန်းအောင် (ပြန်/ဆက်)