မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန် ရေနံချောင်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့ မြို့ရေပေးဝေရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

ရေနံချောင်း ဖေဖော်ဝါရီ ၂၂

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်သည် တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးထင်အောင်နှင့် တာဝန်ရှိသူများ လိုက်ပါကာ ယနေ့နံနက်ပိုင်းက ရေနံချောင်းမြို့နယ်စည်ပင်သာယာရေးအဖွဲ့ မြို့ရေပေးဝေရေးလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့စစ်ဆေးရာတွင် မကွေးတိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီးနှင့် အဖွဲ့သည် ရေနံချောင်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ မြို့နေပြည်သူများ သောက်သုံးရေဖူလုံ စေရန်အတွက် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးအစိုးရအဖွဲ့ အထွေထွေပိုလျှံရန် ပုံငွေ(GRF)မှ ခွင့်ပြုရန်ပုံငွေ ၅၂ ဒသမ ၆ သန်းဖြင့် ရေစိမ့်တွင်း အမှတ်(၁)အား ပင်းချောင်းရေ တိုက်စားခြင်းမှ ကာကွယ်ရန် ရေကာတန်းပြုလုပ်ခြင်းနှင့် ရေလက်တံ နှစ်ချောင်းပြုလုပ်ခြင်း လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုနှင့် သတ်မှတ်စံချိန်စံညွှန်းများနှင့် ကိုက်ညီမှု ရှိ/မရှိ ကြည့်ရှုစစ်ဆေးရာ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးမျိုးနိုင်က လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ စီးပွားရေးရာဝန်ကြီးနှင့်အဖွဲ့သည် ရေနံချောင်းမြို့ မြေနီခင်မြောက်ရပ်ကွက်ရှိ မြို့ရေပေးဝေရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် ရေဂါလံ(၁)သန်းဆံ့ သံကန်အောက်ခြေဖောင်ဒေးရှင်း ကျိုးပဲ့ပျက်စီးနေမှုကို ပြုပြင်ခြင်း လုပ်ငန်းဆောင်ရွက်နိုင်ရန်နှင့် အဆိုပါသံကန် ထားရှိသည့်ဝန်းအတွင်း ပေါက်ရောက်နေသည့် နှစ်ချို့သစ်ပင်ကြီးများကြောင့် သံကန်ကြီးပျက်စီးမှုမရှိစေရေး ခုတ်ထွင်ရှင်းလင်းခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ကြည့်ရှုစစ်ဆေးကာ မြို့သန့်ရှင်းသာယာလှပရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းလိုအပ်ချက်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်