သရက်ချောင်း ဖေဖော်ဝါရီ ၂၂
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် မြစိမ်းရောင် စီမံကိန်းကျေးရွာများနှင့် ပတ်သက်သည့် မြို့နယ်မြစိမ်းရောင်စီမံကိန်းလုပ်ငန်းအဖွဲ့အစည်းအဝေးကို ဖေဖော်ဝါရီလ ၂၀ ရက်နေ့နံနက် ၁၀ နာရီက အဆိုပါရုံးအစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ သရက်ချောင်းမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကောင်းမြတ်ထက်က မြို့နယ်မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့ ဖွဲ့စည်းထားရှိမှု၊ မြစိမ်းရောင်ကျေးရွာ စီမံကိန်းများ လက်ရှိအကောင်အထည်ဖော်ဆောင်ရွက်မှု အခြေအနေများ၊ မြို့နယ်အတွင်း မြစိမ်းရောင်ကျေးရွာများ၏ အရင်းဆပ်ကာလ သက်တမ်းတိုးမှုနှင့် အတိုးကင်းလွတ်ခွင့်ရရှိထားမှုအခြေအနေများ၊ အရင်းဆပ်ကာလ သက်တမ်းတိုးနိုင်ခြေရှိသော မြစိမ်းရောင်ကျေးရွာ အခြေအနေ၊ မြစိမ်းရောင်ကျေးရွာစီမံကိန်း (ဆီထွက်သီးနှံအတွက်) လက်ရှိမြစိမ်းရောင်စီမံကိန်းဒီဇိုင်းဖြင့် ဆောင်ရွက်ခဲ့သောကျေးရွာ၊ ကျေးရွာ မတည်ရန်ပုံငွေ စီမံကိန်း(VRFP)အကောင်အထည်ဖော်ဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းဆွေးနွေးခဲ့သည်။
ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသော မြို့နယ်မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်း အဖွဲ့ဝင်များက သိရှိလိုသည်များကို အပြန်အလှန်မေးမြန်းဆွေးနွေးခဲ့ကြသည်။
သရက်ချောင်းမြို့နယ်တွင် ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်မှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အထိ မြစိမ်းရောင်ကျေးရွာစီမံကိန်းဖြင့် ဆောင်ရွက်သော ကျေးရွာပေါင်း(၁၉)ရွာရှိပြီး လည်ပတ်ရန်ပုံငွေ စုစုပေါင်း ကျပ်သန်းပေါင်း (၈၉၈)ကျော်ရှိကြောင်း၊ အဆိုပါကျေးရွာ (၁၉)ရွာတွင် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေလုပ်ငန်း၊ မီးလင်းရေး၊ ကုန်ထုတ်လုပ်ငန်း၊ အရောင်းအဝယ်လုပ်ငန်း၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်း စသည့် လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကောင်းမြတ်ထက်ထံက သိရသည်။
ပြည့်ဖြိုးပိုင်(ပြန်/ဆက်)