ဓနုဖြူမြို့နယ်တွင် အငြိမ်းစားဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်ခြင်း၊ အာဟာရဒါနကျွေးမွေးခြင်းနှင့် စားသောက်ကုန်များစျေးနှုန်းသက်သာစွာရောင်းချ

ဓနုဖြူ ဖေဖော်ဝါရီ ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ မြို့နယ်အတွင်းရှိ အငြိမ်းစားဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်ခြင်း၊ အာဟာရဒါနကျွေးမွေးခြင်းနှင့် စားသောက်ကုန်များ စျေးနှုန်းသက်သာစွာရောင်းချပေးခြင်းကို  ယနေ့ နံနက် (၈) နာရီအချိန်က မြို့နယ်မြန်မာ့စီးပွားရေးဘဏ်၌ ပြုလုပ်ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးကိုတင့်၊ အဖွဲ့ဝင်(၁) ဗိုလ်မှူး ဟိန်းထက်ဇော်၊ အတွင်းရေးမှူး ရဲမှူး အောင်နိုင်ဝင်းနှင့် တာဝန်ရှိသူများက မြန်မာ့စီးပွားရေး ဘဏ်တွင် ပင်စင်လစာငွေ ထုတ်ယူလျက်ရှိသည့် အငြိမ်းစားဝန်ထမ်းများအား ရင်းရင်းနှီးနှီး တွေ့ဆုံအားပေးစကားပြောကြားခဲ့ပြီး ကျန်မာရေးစစ်ဆေးခြင်းနှင့် သွေးပေါင်ချိန်တိုင်းတာခြင်းများကို ကြည့်ရှုဆောင်ရွက်ခဲ့သည်။ ထို့နောက် အာဟာရ ဒါနအဖြစ် ကွေကာအုပ်အာဟာရ တိုက်ကျွေးခြင်း၊ ခေါက်ဆွဲခြောက်ထုပ်များ ထောက်ပံ့ပေးအပ်လှူဒါန်းခဲ့ကြောင်းနှင့် ဆန် ၁ ပြည် လျှင် ၂၅၀၀ ကျပ်နှုန်း၊ ဆီ ၁ ပိဿာလျှင် ၂၅၀၀ ကျပ်နှုန်းဖြင့် စျေးနှုန်းသက်သာစွာ ရောင်းချပေးခဲ့ကြောင်း သိရသည်။

အောင်ပြည့်ဖြိုးဇော်(ပြန်/ဆက်)