ပေါက်ခေါင်းမြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် (Grade- 5) နှင့် (Grade- 9) ကျောင်းသား/ သူများ နှစ်ဆုံးစာမေးပွဲစတင်ဖြေဆို

ပေါက်ခေါင်း ဖေဖော်ဝါရီ ၂၂

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် ၂၀၂၃- ၂၀၂၄ ပညာသင်နှစ်အတွက် စတုတ္တတန်း (Grade- 5) နှင့် အဋ္ဌမတန်း (Grade- 9) နှစ်ဆုံးစာမေးပွဲကို ယနေ့ နံနက် ၉ နာရီချိန်က သက်ဆိုင်ရာစာစစ်ဌာနကျောင်းများအလိုက် ကျင်းပခဲ့ရာ ကျောင်းသား/ သူများ အေးချမ်းစွာ စတင်ဖြေဆိုလျက်ရှိကြောင်း သိရသည်။

ပေါက်ခေါင်းမြို့နယ်တွင် အခြေခံပညာကျောင်းပေါင်း (၂၁၈) ကျောင်းနှင့် ဘုန်းတော်ကြီးသင်ပညာရေး (၅) ကျောင်း စုစုပေါင်း (၂၂၃) ကျောင်းရှိရာ ခရိုင်စစ် (Grade- 5) ကျောင်းသား/ သူများအတွက် စာစစ်ဌာန (၇၉) ခုဖွင့်လှစ်၍ ကျောင်းသား (၈၃၅) ဦး၊ ကျောင်းသူ (၈၈၂) ဦး၊ စုစုပေါင်း (၁၇၁၇) ဦးတို့မှ ဖေဖော်ဝါရီလ ၂၂ ရက်မှ ၂၇ ရက်နေ့ထိဖြေဆိုရမည်ဖြစ်ပြီး၊ တိုင်းစစ် (Grade- 9) ကျောင်းသား/ သူများအတွက် စာစစ်ဌာန (၃၂) ခုဖွင့်လှစ်၍ ကျောင်းသား (၃၅၆) ဦး၊ ကျောင်းသူ (၄၆၁) ဦး၊ စုစုပေါင်း (၈၁၇) ဦးတို့မှ ဖေဖော်ဝါရီလ ၂၂ ရက်မှ ၂၈ ရက်နေ့ထိ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ပထဝီ၊ သမိုင်း၊ အထွေထွေသိပ္ပံဘာသာရပ်များကို ဖြေဆိုရမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

သန်းထွန်းအောင် (ပြန်/ဆက်)