ဖျာပုံ ဖေဖော်ဝါရီလ ၂၂
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ် ထလွန်ကျေးရွာနှင့်သဲအိမ်တမံကျေးရွာတို့တွင်၊ နိုင်ငံသား စိစစ်ရေးကတ်ပြားမရှိသူ၊ပြည်သူများအားလူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဖျာပုံမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်" လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့" ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက်( ၃)အဖြစ် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းအချိန်က အဆိုပါကျေးရွာ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံတွင် ပြုလုပ်ပေးခဲ့သည်။
ထိုသို့ ပန်းခင်းစီမံချက် (၃) အဖြစ် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဖျာပုံမြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူးဦးဇော်လွင်ဦးဆောင်၍ မြို့နယ်တိုက်နယ်မှူးများ၊ လက်ထောက်လဝကမှူးများနှင့်ဝန်ထမ်းများသည် အဖွဲ့ (၂) ဖွဲ့ခွဲ၍ ထလွန်ကျေးရွာနှင့် သဲအိမ်တမံကျေးရွာသို့မြေမြင်အရောက် လူကျန်စာရင်း အကွက်အပေါက်များကောက်ယူခြင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသူ ပြည်သူများ၊ အသက် (၁၀) နှစ်ပြည့်ပြီးသူနှင့်အသက် (၁၈)နှစ်အထက် နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသူများအား ကွင်းဆင်းဆောင်ရွက်ပေးခဲ့ပြီး၊ မြို့နယ်အတွင်းရပ်ကွက်/ ကျေးရွာများကိုလည်း၊ နေ့ရက်အလိုက် နိုင်ငံသားစိစစ်ရေး ကတ်ပြားမရှိသူများကိုထုတ်ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဖျာပုံမြို့နယ်ဦးစီးမှူးရုံးမှ သိရှိရသည်။
အောင်ဝင်းနိုင်
ဖျာပုံခရိုင် (ပြန်/ဆက်)