ပေါင်းတည်၌ အခြေခံကျန်းမာရေးဝန်ထမ်းများအတွက် တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းလမ်းညွှန်နှင့် အနုစိတ်စီမံချက်ရေးဆွဲနည်းသင်တန်းဖွင့်လှစ်

ပေါင်းတည် ဖေဖော်ဝါရီ ၂၂

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်​၌ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အစည်းအဝေးခန်းမဆောင်တွင် ယမန်နေ့နံနက်ပိုင်းမှစ၍ အခြေခံကျန်းမာရေးဝန်ထမ်းများအတွက် တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းလမ်းညွှန်နှင့် အနုစိတ်စီမံချက်ရေးဆွဲနည်းသင်တန်း ဖွင့်လှစ်ပို့ချပေးလျက်ရှိသည်။

လူတိုင်း သက်ရှည် ကျန်းမာစွာ နေထိုင်နိုင်စေရေးအတွက် ကာကွယ်ဆေးထိုးသည့် လွှမ်းခြုံမှု (Coverage) ကောင်းမွန်ရန်လိုအပ်ကြောင်း၊ ကပ်ရောဂါများ၊ အခြားရောဂါများ အစုလိုက်အပြုံလိုက်ဖြစ်ပွားမှုနှင့် အသက်ဆုံးရှုံးမှုများ မဖြစ်ပွားစေရေးကို ကြိုတင်ကာကွယ်ခြင်းသည် အကောင်းဆုံးဖြစ်၍ ပြည်သူ့ကျန်းမာရေးဌာနအနေဖြင့် ထိုတိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းကို ကျယ်ပြန့်စွာ အရှိန်အဟုန်မြှင့် ဆောင်ရွက်အကောင်အထည်ဖော်လျက်ရှိရာ ယင်းသို့ပိုမိုဆောင်ရွက်နိုင်ရန်အတွက် သင်တန်းများ ဖွင့်လှစ်ပို့ချရခြင်းဖြစ်ကြောင်း သိရသည်။

ပေါင်းတည်မြို့နယ်၌ ဖွင့်လှစ်လျက်ရှိသည့် ​အဆိုပါသင်တန်းတွင် အခြေခံကျန်းမာရေးဝန်ထမ်း ၉၀ ဦး သင်တန်းတက်ရောက်လျက်ရှိပြီး သင်တန်းနည်းပြ   ၃ ဦးက သင်ကြားပို့ချပေးလျက်ရှိကြောင်း၊ သင်တန်းကာလမှာ ဖေဖော်ဝါရီ ၂၁ ရက်မှ ဖေဖော်ဝါရီ ၂၄ ရက်အထိဖြစ်ပြီး စာတွေ့ လက်တွေ့ပို့ချ ဆွေးနွေးလျက်ရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

သူရကြီး (ပြန်/ဆက်)