ရွှေတောင်မြို့နယ်တွင် မီးလောင်မှုဖြစ်ပွားခဲ့သည့်လူနေအိမ် (၃) လုံးအား ထောက်ပံ့ငွေနှင့် ပစ္စည်းများပေးအပ်

ရွှေတောင် ဖေဖော်ဝါရီ ၂၂

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် ရှားပင်ကုန်းကျေးရွာအုပ်စု၊ ဆင်ကျွန်းကျေးရွာတွင် ဖေဖော်ဝါရီလ ၂၀ ရက်နေ့က မီးလောင်မှုဖြစ်ပွားခဲ့သည့် လူနေအိမ် (၃) လုံးအား ယမန်နေ့ နေ့လယ်ပိုင်းက ထောက်ပံ့ငွေနှင့် ပစ္စည်းများပေးအပ်ခဲ့သည်။

အဆိုပါ မီးလောင်မှုဖြစ်ပွားခဲ့သည့် လူနေအိမ် (၃) လုံး၊ အိမ်ထောင်စု (၃) စုအား ရွှေတောင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟံဝင်းအောင်၏ ကြီးကြပ်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်ခရိုင် ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ခရိုင်ဦးစီးမှူး၊ဒုတိယညွှန်ကြားရေးမှူး ဒေါ်တင်တင်ချိုနှင့် ဝန်ထမ်းများ၊ ရှားပင်ကုန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးတို့ပါဝင်သောအဖွဲ့ဖြင့် ပြည်ခရိုင် ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့ပေးအပ်သော တစ်အိမ်လျှင် ပစ္စည်း (၁၇) မျိုးပါပုံး (၁) ပုံးစီ၊ အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀၀၀၀ိ/-) ကျပ်နှုန်း၊ လူတစ်ဦးလျှင် ဆန်ရိက္ခာဖိုး (၂၁၀၀ိ/-) နှုန်းဖြင့် (၁၂) ဦးစာအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၂၅၂၀၀ိ/-) ကျပ်အားထောက်ပံပေးအပ်ခဲ့ပြီး မြို့နယ်ကြက်ခြေနီအဖွဲ့မှ အိမ်ထောင်စုတစ်စုလျှင် Hygiene Kit တစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်း (၁၉) မျိုးပါ (၁) ပုံး၊ တာပေါ်လင်စ (၁) စ၊ စောင် (၂) ထည်တို့အား မီးဘေးသင့်အိမ်ထောင်စု (၃) စုရှိ ပြည်သူများ၏ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ကိုကိုမင်း (ပြန်/ဆက်)