ပြည်မြို့ ခုတင် ၅၀၀ အထွေထွေရောဂါကုဆေးရုံကြီး၌ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်

ပြည် ဒီဇင်ဘာ ၂၂

ပဲခူးတိုင်းဒေသကြီး ပြည်မြို့ ခုတင် ၅၀၀ အထွေထွေရောဂါကုဆေးရုံကြီး၌ လစဉ် ၂၁ ရက်နေ့တိုင်း‌ ဒေသတွင်းရှိ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား အထွေထွေရောဂါဆိုင်ရာ ဆေးဝါးကုသစစ်ဆေးမှုများနှင့် အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက အငြိမ်းစားနိုင်ငံ့ဝန်ထမ်း ၁၅၀ ဦးခန့်အား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးနိုင်ကြောင်း ၎င်းဆေးရုံမှ သိရသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် ပြည်ခရိုင်ပြည်သူ့‌ ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာသီတာစိုးဦးဆောင်သော အရိုးအကြောအထူးကုဆရာဝန်ကြီးများ၊ အထွေထွေရောဂါ အထူးကုဆရာဝန်ကြီးများနှင့် ကျန်းမာရေးဝန်ထမ်းများအဖွဲ့က အဆိုပါအငြိမ်းစားနိုင်ငံ့ဝန်ထမ်း ၁၅၀ ဦးကို သွေးပေါင်ချိန်ပေးခြင်း၊ ‌ဆီးချို သွေးချိုစစ်ဆေးပေးခြင်းအပါအဝင် သက်ဆိုင်ရာကဏ္ဍအလိုက် ဆေးဝါးကုသစစ်ဆေးမှုများနှင့် အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးကြသည်။

ယင်းဆောင်ရွက်မှုကို ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်နိုင်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင် (၁) ဗိုလ်မှူးကြီးမျိုးမင်းမင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဇင်ဦးနှင့် တာဝန်ရှိသူများက လာရောက်ကြည့်ရှုအားပေးကာ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား စားသုံးသူရေးရာဦးစီးဌာနမှ ဦးဆောင်သော ပြည်ခရိုင်ဆန်ကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ ဆန်တစ်ပြည် ၂၅၀၀ ကျပ်နှုန်းနှင့် စားသုံးဆီ တစ်ပိဿာ ၆၀၀၀ ကျပ်နှုန်း၊ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ပြည်) မှလည်း သား၊ ငါး၊ ကြက်ဥ၊ ဘဲဥအပြင် နို့ဆီ၊ နို့မုန့်၊ ဆီ၊ ကော်ဖီမစ်များကို အငြိမ်းစားနိုင်ငံဝန်ထမ်းများကို စျေးနှုန်းချိုသာစွာ လာရောက်ရောင်းချပေးခဲ့ကြောင်း သိရသည်။

ကိုစိုး