ချောင်းဦးမြို့ပြည်သူ့ဆေးရုံကြီးတွင် မွေးကင်းစမှ အသက်၁နှစ်ခွဲအထိ ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံပေး

ချောင်းဦး ဖေဖော်ဝါရီ ၂၂

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့ ပြည်သူ့ဆေးရုံကြီးတွင် ယမန်နေ့ နံနက်ပိုင်းမှ နေ့လယ်ပိုင်းအထိ မွေးကင်းစမှအသက်၁နှစ်ခွဲ ကလေးငယ်များအား ပုံမှန်ထိုးပေးနေကြဖြစ်သည့် တိုးချဲ့ကာကွယ်ဆေးထိုးနှံပေးခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ကျန်းမာရေးစစ်ဆေး၍ မေးခိုင်ကာကွယ်ဆေးများ ထိုးနှံပေးရာလာရောက်ထိုးနှံခဲ့ကြောင်း သိရသည်။

ချောင်းဦးမြို့တွင်  ကလေးငယ်များ ပုံမှန်ကာကွယ်ဆေး ထိုးနှံပေးခြင်းကို  ၂၀၂၂နှစ် နှစ်ဦးပိုင်းမှစတင်ပြီး မြို့နယ်ဆရာဝန် ဒေါက်တာကျော်နိုင်နှင့် ပြည်သူ့ကျန်းမာရေး ဦးစီးဌာန သားဖွားဆရာမများ၊ ကြီးကြပ်-၂ များမှ ထိုးနှံပေးနိုင်ရေး ဆောင်ရွက်ခဲ့သည်။ နောက်ပိုင်းလများတွင် လစဥ်လဆန်း ၇ ရက်နေ့တိုင်း ချောင်းဦးမြို့နယ် ပြည်သူ့ဆေးရုံကြီးတွင် စုရပ်ပြုလုပ်ပြီး ထိုးနှံပေးခဲ့ရာ တလထက်တလ လူသိများလာပြီး ကျေးရွာအုပ်စုများမှ ကလေးငယ်များ၊ ကိုယ်ဝန်ဆောင် မိခင်များများပြားစွာ လာရောက်ထိုးနှံကြသောကြောင့် လလယ်ပိုင်း ၂၁ ရက်နေ့တွင် ထပ်တိုးထိုးနှံပေးနေကြောင်း သိရသည်။ ဘီစီဂျီ၊ ပိုလီယို၊ ပြင်းထန်အဆုတ်ရောင်၊ ဝက်သက်ဂျိုက်သိုး၊  ငါးမျိုးစပ်ကာကွယ်ဆေးများကို ယမန်နေ့နံနက်ပိုင်းက ကလေးငယ် ၂၆၀ ဦး ထိုးနှံပေးခဲ့ကြောင်း၊ ကိုယ်ဝန်ဆောင်မိခင် ၂၅ ဦးကို ကျန်းမာရေးစစ်ဆေး၍ ကိုယ်ဝန်ဆောင်အားဆေးပေးပြီး မေးခိုင်ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ချောင်းဦးမြို့တွင် မွေးကင်းစမှ ၁ နှစ်ခွဲ အရွယ်ကလေးငယ်များ၊ ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ထိုးနှံပေးနေသည့် ကာကွယ်ဆေးထိုးလုပ်ငန်းကို ချောင်းဦးမြို့ ပြည်သူ့ဆေးရုံကြီးတွင် လစဥ် လဆန်း ၇ ရက်နေ့နှင့် ၂၁ ရက်နေ့တို့တွင် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း၊ မွေးကင်းစမှ ၁ နှစ်ခွဲ အထိဆိုသော်လည်း ၅ နှစ်သားအထိ ကာကွယ်ဆေးမထိုးနှံရသေးသည့် ကလေးငယ်များအား ကာကွယ်ဆေးများ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ဆရာဝန်ကြီး ဒေါက်တာကျော်နိုင် ပြောကြားချက်အရ သိရသည်။

ဝင်းမြင့်အောင် (ပြန်ဆက်)