ဖျာပုံ ဖေဖော်ဝါရီ ၂၂
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်လစာလာရောက်ထုတ်ယူကြသော နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား အခြေခံစားသောက်ကုန်များ ဈေးနှုန်းချိုသာစွာရောင်းချပေးခြင်းကို ယနေ့နံနက်ပိုင်း အချိန်က ဖျာပုံမြို့မြန်မာ့စီးပွားရေးဘဏ်ရှေ့တွင် ရောင်းချပေးကြသည်။
အဆိုပါနိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား အခြေခံစားသောက်ကုန်များ ဈေးနှုန်းချိုသာစွာ ရောင်းချပေးရာတွင် ဖျာပုံခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးဦးရဲလင်းဦးနှင့် ဝန်ထမ်းများ၊ ဖျာပုံခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့ပေါ်ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း၊ အမျိုးသမီးရေးရာအဖွဲ့တို့ပူးပေါင်း၍ အခြေခံစားသောက်ကုန်များဖြစ်သော စားသုံးဆီ၊ ဆန်၊ ဘဲဥများကို သက်သာသော စျေးနှုန်းဖြင့် စားသုံးဆီ(၅၀)ကျပ်သား (၁)ဗူးလျှင် (၂၅၀၀) ကျပ်နှုန်း၊ ဆန်တစ်ပြည်လျှင် (၂၅၀၀)ကျပ်နှုန်း၊ ဘဲဥ (၄) လုံးလျှင်(၁၀၀၀)ကျပ်နှုန်းဖြင့် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
အောင်ဝင်းနိုင်
ဖျာပုံ (ပြန်/ဆက်)