ပဲခူး ဖေဖော်ဝါရီ ၂၂
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် နိုင်ငံတော်၏ လုံခြုံရေးနှင့်ကာကွယ်ရေးကို စွမ်းစွမ်းတမံဆောင်ရွက်လျက်ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် စားသောက်ဖွယ်ရာများ ပို့ဆောင်ပေးနေမှုအား ဖေဖော်ဝါရီလ (၁၉) ရက်နေ့၊ နံနက်ပိုင်းက တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သွားရောက်ကြည့်ရှုအားပေးခဲ့သည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် နိုင်ငံတော်၏ လုံခြုံရေးနှင့်ကာကွယ်ရေးကို စွမ်းစွမ်းတမံဆောင်ရွက်လျက်ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီးရဲတပ်ဖွဲ့၊ မြို့ပေါ်ဈေးများမှ ဈေးသူ/ ဈေးသားများနှင့် ပြည်သူများက ထောက်ပံ့လှူဒါန်းသည့် စားသောက်ဖွယ်ရာများနှင့် အားပေးစာလွှာများအား လှည်လည့်ကြည့်ရှုစစ်ဆေးခဲ့သည်။
ထို့နောက် စားသောက်ဖွယ်ရာများအား ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများ စုပေါင်း၍ ရှေ့တန်းရောက် လုံခြုံရေးတပ်ဖွဲ့ဝင်များထံသို့ပေးပို့မည့် မော်တော်ယာဉ်များပေါ်သို့ တင်ပေးခဲ့ကြကြောင်း သိရှိရသည်။
ဆက်လက်၍ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဖေဖော်ဝါရီလ (၂၀) ရက်နေ့ မွန်းလွဲပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၌ ပဲခူးတိုင်းဒေသကြီး (အရှေ့ခြမ်း) လုံခြုံရေးတာဝန်များကို ထမ်းဆောင်လျက်ရှိသော မြန်မာနိုင်ငံရဲတပ်ဖွဲ့များအတွက် စားသောက်ဖွယ်ရာများ ထောက်ပံ့ခြင်းအခမ်းသို့ တက်ရောက်၍ ဂုဏ်ပြုအမှာစကားပြောကြားခဲ့သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ပဲခူးတိုင်းဒေသကြီး (အရှေ့ခြမ်း) လုံခြုံရေးတာဝန်များကို ထမ်းဆောင်လျက်ရှိသော မြန်မာနိုင်ငံရဲတပ်ဖွဲ့များအတွက် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခဲ့ရာ တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ကျော်ထွဋ်က ရဲတပ်ဖွဲ့ဝင်များအတွက် စဉ်ဆက်မပြတ် ဘက်ပေါင်းစုံမှ ထောက်ပံ့ပေးအပ်မှုအပေါ် ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှု၊ မြို့ပေါ်ရှိ ဈေးသူဈေးသားများပါဝင်မှု၊ ဒေသခံပြည်သူများ၏ စုပေါင်းပါဝင်လှူဒါန်းမှုတို့ဖြင့် ရခိုင်ပြည်နယ်ရှိ ရှေ့တန်းရောက်တပ်မတော်သားများ၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်မြေအတွင်းရှိ ရှေ့တန်းရောက်တပ်မတော်သားများနှင့် လုံခြုံရေးတာဝန်ထမ်းဆောင်နေသော ရဲတပ်ဖွဲ့ဝင်များအတွက် စုစုပေါင်းကျပ် သိန်း (၂၃၁၄၆၂၈၅၀) တန်ဖိုးရှိ စားသောက်ဖွယ်ရာများအား ဂုဏ်ပြုထောက်ပံ့ပေးအပ်နိုင်ခဲ့ကြောင်း သတင်းရရှိသည်။
သက်ဖြိုးကြိုင် (ပြန်/ဆက်)