ပုသိမ် ဖေဖော်ဝါရီ ၂၂
ပညာရေးဝန်ကြီးဌာနနှင့် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ပူးပေါင်းကျင်းပသည့် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ်၊ ဟင်္သာတမြို့နယ်၊ မအူပင်မြို့နယ်၊ မြောင်းမြမြို့နယ်နှင့် ဘိုကလေးမြို့နယ် အခြေခံစာတတ်မြောက်ရေးလုပ်ငန်း ဂုဏ်ပြုပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက ပုသိမ်မြို့၊ မြို့တော်ခန်းမ၌ကျင်းပခဲ့ရာ အခမ်းအနားသို့ အခြေခံစာတတ်မြောက်ရေးလုပ်ငန်း တိုင်းဒေသကြီးကြီးကြပ်မှုကော်မတီနာယက တိုင်းဒေသကြီးဝန်ကြီချုပ် ဦးတင်မောင်ဝင်း၊ အခြေခံစာတတ်မြောက်ရေးကြီးကြပ်မှုဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပညာရေးဝန်ကြီးဌာနမှတာဝန်ရှိသူများ၊ နည်းပြဆရာ၊ ဆရာမများ၊ စာသင်သားများ တက်ရောက်ကြသည်။
ဦးစွာ အခြေခံစာတတ်မြောက်ရေးလုပ်ငန်း တိုင်းဒေသကြီးကြီးကြပ်မှုကော်မတီနာယက၊ တိုင်းဒေသကြီးဝန်ကြီးချုပ်က“ အကြောင်းအမျိုးမျိုးကြောင့် ကျောင်းသင်ပညာရေးနည်းလမ်းဖြင့် သင်ကြားခွင့်မရရှိခဲ့သူများ၊ ကျောင်းမနေခဲ့ရသူများကို ကျောင်းပြင်ပ ပညာရေးနည်းလမ်းဖြင့် သင်ကြားပေးနိုင်ရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် စာတတ်မြောက်ရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီအဆင့်ဆင့်ဖွဲ့စည်းပြီး (စာမတတ်သူ) စာသင်သားများစာရင်း ကောက်ယူခြင်း၊ စာသင်ဝိုင်းစာရင်းများစုဖွဲ့ခြင်းနှင့် စေတနာလုပ်အားပေး နည်းပြ၊ ကြီးကြပ် စာရင်းတို့ကိုလည်း ကောက်ယူဆောင်ရွက်ခဲ့ပြီး မြို့နယ်(၅)မြို့နယ်မှ စာသင်သားများအား ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ (၂၄)ရက်နေ့မှစ၍ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁)ရက်နေ့အထိ အခြေခံမြန်မာစာဘာသာရပ်နှင့် အခြေခံသင်္ချာဘာသာရပ်များကို (၁)ရက်လျှင် ပျမ်းမျှ(၃)နာရီ၊ ရက်အားဖြင့် (၄၀)ရက်၊ နာရီပေါင်း (၁၂၀) ပြည့်မီအောင် သင်ကြားပေးခဲ့ပါကြောင်း၊ သင်ကြားပြသပေးခဲ့ကြသည့် နည်းပြများ၊ ကြီးကြပ်များနှင့် စာသင်ဝိုင်းများအား အဖက်ဖက်မှကူညီပံ့ပိုးပေးခဲ့ကြသည့် တာဝန်ရှိသူများအားလုံးအား တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် မှတ်တမ်းတင်ဂုဏ်ပြုပါကြောင်း၊ ၂၀၁၅ ခုနှစ်၊ ကိုရီးယားသမ္မတနိုင်ငံ အင်ချွန်းမြို့တွင် ကျင်းပပြုလုပ်ခဲ့သည့် ကမ္ဘာ့ပညာရေးဝန်ကြီးများညီလာခံတွင် ထုတ်ပြန်ထားသည့် အင်ချွန်းကြေညာစာတမ်းပါ လုပ်ငန်းစဉ်မူဘောင်တွင်ပါရှိသော “သက္ကရာဇ် ၂၀၃၀ ပြည့်နှစ်အရောက်တွင် ကမ္ဘာ့နိုင်ငံအသီးသီးရှိ လူငယ်များနှင့် အရွယ်ရောက်ပြီးသူ အမျိုးသားများ၊ အမျိုးသမီးများအားလုံးအရေး၊ အဖတ်နှင့်အတွက်အချက်တက်မြောက်စေရေး” ဆိုသည့် ဘုံရည်မှန်းချက် ပန်းတိုင်ကို ပြည့်မီနိုင်အောင် မြန်မာနိုင်ငံတွင် အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်းများရေးဆွဲပြီး နှစ်အလိုက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိနေပါကြောင်း၊ ကျေးလက်ဒေသပြည်သူများနှင့် တိုင်းရင်းသားပြည်သူများအားလုံး အသိပညာမြင့်မားပြီး စိတ်ဓာတ်နှင့် တွေးခေါ်မှုစွမ်းရည်မြင့်မားလာစေရန် "လူတိုင်းအတွက်ပညာရေး" (Education For All - EFA) စာတတ်မြောက်ရေးလုပ်ငန်းနှင့် နောက်ဆက်တွဲလုပ်ငန်းဖြစ်သည့် စဉ်ဆက်ပညာရေးလုပ်ငန်း ဖော်ဆောင်ရေးတို့အတွက် အားလုံးပူးပေါင်းဆောင်ရွက်ရမှာဖြစ်ကြောင်း၊ ယခုနှစ်ဧပြီလတွင် ဆက်လက်ဆောင်ရွက်သွားမည့် စဉ်ဆက်ပညာရေးလုပ်ငန်းနှင့် မြို့နယ်အားလုံးတွင် ဆောင်ရွက်ရမည့် နိုင်ငံတော်၏ စာတတ်မြောက်ရေးလုပ်ငန်းအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီများကိုဖွဲ့စည်းပြီး ယခုလကုန်ပိုင်းမှစ၍ စာသင်သား စာရင်းများကောက်ယူခြင်း၊ စာသင်ဝိုင်းများ စုဖွဲ့ခြင်းနှင့် နည်းပြများနှင့် ကြီးကြပ်များကို သက်ဆိုင်ရာတက္ကသိုလ်၊ ကောလိပ်များနှင့် ဌာနဆိုင်ရာများ၏ စေတနာလုပ်အားများကိုရယူ၍ စာတတ်မြောက်ရေးလုပ်ငန်းအတွက် လုပ်ငန်းအစီအစဉ်များ ရေးဆွဲဆောင်ရွက်ကြရမည် ဖြစ်ကြောင်း၊ အခြေခံစာတတ်မြောက်ရေးလုပ်ငန်းကြီးကြပ်မှု ကော်မတီအဆင့်ဆင့်မှ တာဝန်ရှိသူများအား တိုင်းဒေသကြီးအစိုးရအဖွဲ့မှ အထူးပင်ကျေးဇူးတင်ရှိပါကြောင်း”အဖွင့်အမှာစကားပြောကြားခဲ့သည်။
ဆက်လက်၍ အခြေခံစာတတ်မြောက်ရေးလုပ်ငန်း ကြီးကြပ်မှုဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌ၊ ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးက ဂုဏ်ပြုစကားများ ပြောကြားခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် ကျောင်းပြင်ပပညာရေးကဏ္ဍ၏ စာတတ်မြောက်ရေးလုပ်ငန်း ပညာပေး “မနီပြုံးနိုင်ပြီ” ဇာတ်လမ်းတိုအား ကြည့်ရှုအားပေး ခဲ့သည်။
ထို့နောက် ဧရာဝတီတိုင်းဒေသကြီး မြို့နယ်ငါးမြို့နယ်မှ အခြေခံစာတတ်မြောက်ရေးလုပ်ငန်းတွင် ကြီးကြပ်ပါဝင်ဆောက်ရွက်ခဲ့သည့် မြို့နယ်စာတတ်မြောက်ရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌများအား ဂုဏ်ပြုလက်မှတ်များကို တိုင်းဒေသကြီးဝန်ကြီးချုပ်ကလည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် မြို့နယ်(၅)မြို့နယ်မှ အခြေခံစာတတ်မြောက်ရေးလုပ်ငန်းတွင် သင်ကြားပေးခဲ့သည့် စေတနာလုပ်အားပေး နည်းပြကြီးကြပ် ကိုယ်စားလှယ်များအား ဂုဏ်ပြုလက်မှတ်များကို ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးကလည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး ပညာရေးမှူးရုံးနှင့် မြို့နယ်(၅)မြို့နယ်မှ အခြေခံစာတတ်မြောက်ရေး လုပ်ငန်းတွင် တက်ရောက်သင်ယူခဲ့ကြသည့် စာသင်သားကိုယ်စားလှယ်များအား သင်ယူပြီးမြောက်ကြောင်း လက်မှတ်များကို ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ကလည်းကောင်းပေးအပ်ခဲ့ပြီး အခြေခံစာတတ်မြောက်ရေးလုပ်ငန်းတွင် သင်ယူတတ်မြောက်ခဲ့သည့် စာသင်သားများကိုယ်စား စာသင်သားကိုယ်စားလှယ်တစ်ဦးက ဝမ်းမြောက်စကားများပြောကြားခဲ့ပြီးနောက် ဝန်ကြီးချုပ်နှင့်ဧည့်သည်တော်များသည် မြို့နယ် (၅)မြို့နယ်မှ အခြေခံစာတတ်မြောက်ရေးလုပ်ငန်းတွင် သင်ကြားပေးခဲ့သည့် မြို့နယ်အလိုက် စေတနာလုပ်အားပေး နည်းပြ၊ ကြီးကြပ်၊ စာသင်သားများနှင့် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံများရိုက်ကူးခဲ့ကြကြောင်းသိရသည်။
လှမင်းထွဋ် (ပြန်/ဆက်)