မင်းဘူး ဖေဖော်ဝါရီ ၂၂
မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာဆွေးနွေးပွဲများကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၈ ရက်နေ့မှစ၍ ဖေဖော်ဝါရီ ၂၁ ရက်နေ့အထိ၊ မြို့ပေါ်ရပ်ကွက်များဖြစ်သော အမှတ် ၁၊ ၂၊ ၃၊ ၄ ရပ်ကွက်များသို့ လှည့်လည်ဆွေးနွေးဟောပြောပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ဟောပြောရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြင်က ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာပြဌာန်းချက်များနှင့်ပတ်သက်၍ ပြည်သူ့စစ်မှုထမ်းခြင်း၏ ရည်ရွယ်ချက်၊ စစ်မှုထမ်းရမည့်အသက်အရွယ်၊ ပြည်သူ့စစ်မှုတာဝန်ထမ်းဆောင်ရန်ကာလ စသည်တို့ကိုလည်းကောင်း၊ မြို့နယ်ဥပဒေအရာရှိ ဒေါ်ဇင်မာဦးက ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်သည့် ဥပဒေပါဖော်ပြချက်များကို လည်းကောင်း၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်ဝါဝါလှိုင်က ကောလဟာလသတင်းများ၊ သတင်းတု၊ သတင်းမှားများနှင့်ပတ်သက်၍သော်လည်းကောင်း ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင် ရဲမှူးလှိုင်ဝင်းက ပြန်လည်ရှင်းလင်းဆွေးနွေး ဖြေကြားပေးခဲ့ကြောင်း သိရသည်။
အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)