ပုသိမ် ဖေဖော်ဝါရီ ၂၂
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့၊ ဇီးချိုင်ကျေးရွာအုပ်စုတွင် တည်ထားကိုးကွယ်တော်မူသည့် မဟာမကုဋရံသီဆံတော်ရှင် မြတ်မော်တင်စွန်း စေတီတော်၏ ရင်ပြင်တော်တိုးချဲ့တည်ဆောက်ခြင်းအတွက် (ဧကာဒသမအကြိမ်) အလှူငွေပေးအပ်လှူဒါန်းပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမ၌ ပြုလုပ်ခဲ့သည်။
အလှူငွေပေးအပ်ပွဲတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က “ယနေ့ပြုလုပ်သည့် အခမ်းအနားသည် ဆံတော်ရှင်မြတ်မော်တင်စွန်းစေတီတော် ရင်ပြင်တော်တိုးချဲ့ခြင်း၊ ဘက်စုံမွမ်းမံပြင်ဆင် တည်ဆောက်ခြင်းအတွက် ဧကာဒသမအကြိမ်မြောက် အလှူငွေပေးအပ်ပွဲဖြစ်ပါကြောင်းနှင့် တက်ရောက်လာသည့် စေတနာရှင်၊ အလှူရှင်များအား ကျေးဇူးတင်ဝမ်းမြောက်ပါကြောင်း၊ မြတ်မော်တင်စွန်းစေတီတော်မြတ်ကြီးအား နိုင်ငံတဝှမ်းမှ လာရောက်ဖူးမြော်လျက်ရှိရာ ဘုရားဖူးပြည်သူများ စိတ်ချမ်းမြေ့စွာ ဖူးမြှော်နိုင်ရေးအတွက် ယခုနှစ် တပေါင်းလဘုရားပွဲတော်အမီ အချောသတ်လုပ်ငန်းများ ပြီးစီးစေရေးဆောင်ရွက်လျက်ရှိပါကြောင်း၊ တည်ဆောက်ရေးလုပ်ငန်းသုံးပစ္စည်းများ အရည်အသွေးပြည့်မီစေရေးအတွက်လည်း အလေးထားဆောင်ရွက်လျက်ရှိပါကြောင်း၊ ရင်ပြင်တော်တိုးချဲ့ ခြင်းနှင့် ဘက်စုံမွမ်းမံပြင်ဆင်တည်ဆောက်ရာတွင် အနယ်နယ်အရပ်ရပ်မှ ပါဝင်လှူဒါန်းခဲ့ကြသော အလှူရှင်များ၏ လှူဒါန်းမှုအစုစုတို့အတွက်လည်း ဝမ်းမြောက်ဂုဏ်ယူပါကြောင်း” ပြောကြားခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က အလှူရှင်များ ကြည်ညိုသဒ္ဒါပွားများနိုင်ရန် မဟာမကုဋရံသီ ဆံတော်ရှင်မြတ်မော်တင်စွန်းစေတီ ရင်ပြင်တော်တိုးချဲ့တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများ၊ တည်ဆောက်ရေးလုပ်ငန်း ဆက်လက်ဆောင်ရွက်မည့် အခြေအနေမှတ်တမ်းဗီဒီယိုအား ရှင်းလင်းပြသခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး မိသားစုကလှူဒါန်းသည့် အလှူငွေများကိုပေးအပ်ရာ တိုင်းဒေသကြီးစီးပွားရေးရာဝန်ကြီးက လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးလုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ စီးပွားရေးရာဝန်ကြီး၊ သယံဇာတရေးရာဝန်ကြီး၊ လူမှုရေးရာဝန်ကြီး၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးနှင့် တိုင်းရင်းသားရေးရာဝန်ကြီးဌာနလက်အောက်ရှိ ဌာနဆိုင်ရာများ၊ တိုင်း၊ ခရိုင်၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့များနှင့်အလှူရှင်များ၊ ကုမ္ပဏီအဖွဲ့အစည်း၊ လုပ်ငန်းရှင်များနှင့် ပြင်ပအလှူရှင်များက အလှူငွေများပေးအပ်လှူဒါန်းရာ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ စီးပွားရေးရာဝန်ကြီး၊ သယံဇာတရေးရာဝန်ကြီး၊ လူမှုရေးရာဝန်ကြီးတို့က လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က အလှူရှင်များအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြောင်းသိရသည်။
လှမင်းထွဋ် (ပြန်/ဆက်)