ဟင်္သာတ ဖေဖော်ဝါရီ ၂၂
ပညာရေးဝန်ကြီးဌာ ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်နှင့်အဖွဲ့သည် ဧရာဝတီတိုင်းဒေသကြီး ပညာရေးမှူး ဦးတိုးဝင်းနှင့် တိုင်း၊ ခရိုင် မြို့နယ်ပညာရေးဌာနမှ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းကဟင်္သာတမြို့ နတ်မော်ကျေးရွာ/အုပ်စုရှိ နတ်မော်အ.ထ.ကကျောင်း အနီးတွင် ဆောက်လုပ်လျက်ရှိသော စက်မှု၊ စိုက်ပျိုးရေးနှင့်မွေးမြူရေးအထက်တန်းကျောင်း RC နှစ်ထပ်ကျောင်းဆောင် ဆောက်လုပ်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီးနောက် ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် နတ်မော်(အ.ထ.က)ကျောင်းအုပ်ကြီး ဒေါ်မြင့်မြင့်ဝင်းနှင့် ဆရာ/မများအား တွေ့ဆုံ၍ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် ကျောင်းသား/သူများအား အောင်ချက်မြင့်မားရေးနှင့် သင်ကြားမှုဆိုင်ရာများအား လမ်းညွှန်မှာကြားခဲ့သည်။
ဆက်လက်၍ ဒုဝန်ကြီးနှင့်အဖွဲ့သည် ဟင်္သာတတက္ကသိုလ်၊ ပင်မလေးထပ်ဆောင်သို့ရောက်ရှိပြီး ပင်မလေးထပ်ဆောင် အစည်းအဝေးခန်းမတွင် ဟင်္သာတတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာသိင်္ဂီရွှေ၊ ဒုတိယပါမောက္ခချုပ်(သင်တန်းရေးရာ) ဒေါက်တာအေးလွင်၊ ဒုတိယပါမောက္ခချုပ်(စီမံ) ဒေါက်တာ ရီရီသန်း၊ ဟင်္သာတတက္ကသိုလ် ဌာနအသီးသီးမှ ပါမောက္ခဌာနမှူးများနှင့်တွေ့ဆုံ၍ သင်ကြားရေးဆိုင်ရာကိစ္စရပ်များနှင့် ပညာရေးဝန်ကြီးဌာန၏ ဆက်လက်အကောင်ထည်ဖော်ဆောင်ရွက်မည့် အကြောင်းအရာများအား လမ်းညွှန်မှာကြားခဲ့ပြီး ဟင်္သာတတက္ကသိုလ်၏ ဆောင်ရွက်လျက်ရှိသော ပညာရေးနှင့်အားကစာဆိုင်ရာ ကိစ္စရပ်များအား ဟင်္သာတတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာသိင်္ဂီရွှေ၊ ဒုတိယပါမောက္ခချုပ်(သင်တန်းရေးရာ) ဒေါက်တာအေးလွင်၊ ဒုတိယပါမောက္ခချုပ် (စီမံ) ဒေါက်တာရီရီသန်းတို့မှ အသီးသီးတင်ပြခဲ့ပြီး ဒုဝန်ကြီးနှင့်အဖွဲ့သည် ဟင်္သာတ တက္ကသိုလ်ဓာတုဗေဒဌာန၊ ဘူမိဗေဒဌာနတို့တွင်ကျောင်းသား/ သူများ၏ စာသင်ခန်း/လက်တွေ့ခန်းများတွင် သင်ကြား/သင်ယူနေမှုနှင့် တက္ကသိုလ်စာကြည့်တိုက်၊ တက္ကသိုလ်ဓမ္မာရုံ၊ တက္ကသိုလ်စိုက်ခင်းတို့အား ကြည့်ရှုစစ်ဆေးခဲ့သည်။
နေ့လည်ပိုင်းတွင် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဟင်္သာတတက္ကသိုလ်မှ ပြန်လည်ထွက်ခွါခဲ့ရာ ဟင်္သာတမြို့နယ်၊ ကနောင်စုရပ်ကွက်၊ ပြည်တော်သာလမ်းရှိ အမှတ်(၆)အခြေခံပညာ အထက်တန်းကျောင်းသို့ ရောက်ရှိခဲ့ပြီး အလျား ၁ဝဝ ပေ၊ အနံ ၃ဝ ပေ RC နှစ်ထပ်ကျောင်းဆောင်သစ် ဆောက်လုပ်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး အ.ထ.က(၆) ကျောင်းအုပ်ကြီး ဒေါ်ခင်မြမြသိန်းနှင့်ဆရာ/မများအား ရင်းရင်းနှီးနှီးတွေ့ဆုံအားပေးကာ တင်ပြချက်များအား တာဝန်ရှိသူများနှင့် ပေါင်းစပ်ဖြည့်ဆည်း လမ်းညွှန်ပေးခဲ့ကြောင်း သိရသည်။
ခရိုင်ပြန်ဆက်(ဟင်္သာတ)