တောင်တွင်းကြီး ဖေဖော်ဝါရီ ၂၂
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် ရှေးဟောင်းသမိုင်းဝင် ဗိဿနိုးရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်းရှိ ရှေးဟောင်းသမိုင်းဝင် ရွှေရောင်တော်ဘုရားကြီး၏ ဗုဒ္ဓပူဇနိယဘုရားပွဲတော်ကြီးကို လာမည့်ဖေဖော်ဝါရီ ၂၃ ရက် (တပိုတွဲလဆန်း ၁၃ရက်) မှ စတင်ကာ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ရာ ပွဲတော်ကျင်းပနိုင်ရန်အတွက် ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ ကြိုတင်ပြင်ဆင်နေမှုလုပ်ငန်းများကို ယခင်နှစ်များက ဘုရားကြီး၏ အနောက်ဘက်မုဒ်တည့်တည့်တွင် ကျင်းပခဲ့သော်လည်း ယခုနှစ်တွင် သဲဖြူဆရာတော်ဘုရားကြီးနှင့် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့တို့မှ ဦးဆောင်၍ ဧပြီလ (၅) ရက်နေ့မှ (၇) ရက်နေ့အထိ ရှင်အပါး (၅၀၀၀) ရှင်ပြုအလှူတော်မင်္ဂလာပွဲကျင်းပရန် မဏ္ဍပ်ဆောက်လုပ်ခြင်းလုပ်ငန်းများ စတင်နေပြီဖြစ်သည့်အတွက် နေရာအခက်အခဲမဖြစ်စေရန် ဘုရားကြီး၏ တောင်ဘက်မုဒ်ဝတွင် ပြောင်းလဲကျင်းပသွားမည်ဖြစ်သည့်အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ကြီးကြပ်မူဖြင့် ဆိုင်ခန်းများ စနစ်တကျ တည်ဆောက်ခြင်း၊ ဘုရားဖူးလာရောက်ကျသည့် ဧည့်သည်တော်များအား အခက်အခဲမဖြစ်စေရန် ယာဥ်ရပ်နားစခန်းများ စိစစ်သတ်မှတ်ပေးထားခြင်းများ၊ ဗုဒ္ဓပူဇနိယပွဲတော် အစဥ်အလာမပျက် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး စီစဥ်ဆောင်ရွက်ထားရှိကြောင်း ပွဲတော်ကျင်းပရေးကော်မတီထံမှ သိရသည်။
ရန်နောင်စိုး(ပြန်/ဆက်)