ပန်းတနော်မြို့၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာများနှင့်စပ်လျဉ်း၍ ဒေသခံပြည်သူများ သိရှိနားလည်စေရန် သတင်းစကားလက်ကမ်းစာစောင်များကို ဖြန့်ဝေ

ပန်းတနော်၊ ဖေဖော်ဝါရီ ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာများနှင့်စပ်လျဉ်း၍ သိရှိနားလည်နိုင်စေရန်ရည်ရွယ်ပြီး ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ သိကောင်းစရာများပါဝင်သော သတင်းစကားလက်ကမ်းစာစောင်များကို ယမန်နေ့နံနက်ပိုင်းက မြို့မစျေးနှင့် လူစည်ကားရာနေရာများတွင် အခမဲ့ဖြန့်ဝေပေးခဲ့သည်။

အဆိုပါ လက်ကမ်းစာစောင်များဖြန့်ဝေရာတွင် ​မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများပူးပေါင်း၍ ပြည်သူများသိရှိနားလည်နိုင်စေရန် ပြည်သူ့စစ်မှုထမ်းဥပဒေရည်ရွယ်ချက်၊ ပြည်သူ့စစ်မှုထမ်းဥပဒေပြဌာန်းချက်များနှင့်စပ်လျဉ်း၍ စစ်မှုထမ်းရမည့် အသက်အရွယ်အပိုင်းအခြားသတ်မှတ်ထားမှု၊ စစ်မှုထမ်းဆောင်ရန်အချိန်ကာလ၊ ပြည်သူ့စစ်မှုထမ်းခြင်းမှ ကင်းလွတ်ခွင့်ပြုသည့်အချက်များ၊ ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်သည့် အကျိုးခံစားခွင့်များ၊ ဥပဒေလုပ်ထုံးလုပ်နည်းများ၊ ပြစ်မှုပြစ်ဒဏ်များပါရှိသည့် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ပြည့်ဖြိုးကျော် (ပြန်/ဆက်)