မင်းဘူး(စကု)မြို့နယ်၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်‌ရေး အသိပညာပေးဆောင်ရွက်

မင်းဘူး ဖေဖော်ဝါရီ ၂၂

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်နှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့ပူးပေါင်းပြီး မင်းဘူး(စကု) မြို့နယ်အတွင်း၌ ပွင့်လင်းရာသီ မီးဘေးလုံခြုံရေးနှင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးတို့အတွက် အသိပညာပေးခြင်းလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထို့သို့ဆောင်ရွက်ရာတွင် ခရိုင်မီးသတ်ဦးစီးမှူး ဦးထွန်းထွန်းက အနီးကပ်ကြီးကြပ်၍ မြို့နယ် မီးသတ်ဦးစီးမှူး ဦးစိန်ထွန်း ဦးဆောင်ပြီး  သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ယခုလ (၁၉) ရက်နေ့က မင်ဘူးမြို့နမ္မဒါဘိုးဘွားရိပ်သာ၊ (၂၀) ရက်နေ့က မင်းဘူး (စကု)မြို့နယ် အခြေခံပညာအထက်တန်းကျောင်း(မုန်တောင်)၊ (၂၁) ရက်နေ့က မီးသတ်၊ စည်ပင်နှင့် မင်းဘူးမြို့ ပုဂ္ဂလိကပိုင်လုပ်ငန်းသုံး မော်တော်ယာဉ်လိုင်းများကြီးကြပ်ရေးကော်မတီတို့ ပူးပေါင်းပြီး မင်းဘူးမြို့ မော်တော်ယာဉ်ရပ်နားစခန်း (ကားကြီးကွင်း)အတွင်းတို့၌ အသီးသီးဆောင်ရွက်ခဲ့ကြသည်။

အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပွင့်လင်းရာသီဖြစ်သောကြောင့် လူတို့၏ ပေါ့ဆမှုကြောင့် မီးလောင်မှု၊ မီးလန့်မှုများ မဖြစ်ပွာစေရေး၊ မီးဘေးလုံခြုံရေးနှင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ပြင်ဆင်ဆောင်ရွက်ထားရှိမှု၊ လူနေအဆောက်အအုံများတွင် မီးသတ်ဦးစီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ မီးချိတ်၊ မီးကတ်၊ သဲ၊ ရေပုံး၊ လှေကားများ အရန်သင့်ထားရှိရေး၊ မီးကြွင်းမီးကျန်များ မထားရှိစေရေး၊ လျှပ်စစ်ပေါင်းအိုးမီးဖိုများ စနစ်တကျ သုံးစွဲရေး၊ ရေလှောင်ကန်များ၌ ရေများအရန်သင့် စုစောင်းထားရှိရေးနှင့် တက္ကသိုလ်ဝင်စားမေးပွဲ ကျင်းပမည့်ကျောင်းများ၌ လျှပ်စစ်မီးများ စနစ်တကျသုံးစွဲစေရေး စသည်တို့ကို ကြည့်ရှုစစ်ဆေးပြီး အသိပညာပေးဟောပြောခြင်းနှင့် လက်ကမ်းစာစောင်ဖြန့်ဝေးခြင်းများဆောင်ရွက်ကာ ရှေးဦးမီးငြှိမ်းသတ်နည်းဆောင်ရွက်ပုံ၊ မီးသတ်ဆေးဘူး ကိုင်တွယ်အသုံးပြုပုံ၊ အပေါ့စား မီးသတ်စက်နှင့် မီးသတ်ဦးစီးဌာနမှ မီးငြှိမ်းသတ်ယာဉ်ကြီးများဖြင့် လက်တွေ့သရုပ်ပြ မီးငြှိမ်းသတ်ခြင်းများကို ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။

မောင်မောင်(မင်းဘူး)