ပွင့်ဖြူ ဖေဖော်ဝါရီ ၂၂
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီက စိုက်ပျိုးခဲ့သည့် ကုလားပဲစိုက်ခင်းများမှာ ရိတ်သိမ်းခြွေလှေ့ချိန် ရောက်ရှိလာပြီဖြစ်၍ ဒေသခံတောင်သူများက နွေသီးနှံပြန်လည်စိုက်ပျိုးနိုင်ရေးအတွက် စတင်ရိတ်သိမ်းခြွေလှေ့နေကြပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ပွင့်ဖြူမြို့နယ်တွင် ယခုနှစ်ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ဒေသတွင်း စားနပ်ရိက္ခာဖူလုံစေရန်နှင့် သီးနှံဝင်ငွေ တိုးပွားစေရန်ရည်ရွယ်၍ တစ်မြို့နယ်လုံး ဆောင်းသီးနှံကုလားပဲစိုက်ဧက (၅၂၀၅၁) ဧက စိုက်ပျိုးဆောင်ရွက်နိုင်ခဲ့ကြောင်းသိရကာ အဆိုပါ ဆောင်းသီးနှံကုလားပဲစိုက်ခင်းများမှာ ယခုအခါ အသီးများရင့်မှည့်လာပြီဖြစ်၍ ဒေသခံတောင်သူများက နွေသီးနှံပြန်လည်အစားထိုး စိုက်ပျိုးနိုင်ရေးအတွက် ရိတ်သိမ်းခြွေလှေ့စက်များ ငှားရမ်းပြီး လှိုင်လှိုင်သိမ်းဆည်းလျက်ရှိကြောင်း သိရသည်။
“ပွင့်ဖြူမြို့နယ်မှာ ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီက စိုက်ပျိုးခဲ့တဲ့ ကုလားစိုက်ခင်းတွေဟာ အောင်မြင်ဖြစ်ထွန်းပြီး ရိတ်သိမ်းခြွေလှေ့ချိန် ရောက်ရှိလာပြီဖြစ်လို့ ဒေသခံတောင်သူတွေက နွေသီးနှံပြန်လည်အစားထိုး စိုက်ပျိုးနိုင်ဖို့အတွက် စတင်ရိတ်သိမ်းခြွေလှေ့နေကြပြီ ဖြစ်ပါတယ်။ သီးနှံရိတ်သိမ်း ခြွေလှေ့ခြင်းနဲ့ ပတ်သက်ပြီး လေလွင့်ဆုံးရှုံးမှု မဖြစ်စေဖို့အတွက် အချိန်မီ ရိတ်သိမ်းခြွေလှေ့ နည်းစနစ်များကို ပံ့ပိုးကူညီဆောင်ရွက်ပေးထားပါတယ်။ ယခုနှစ် ဆောင်းသီးနှံရာသီမှာ ကုလားပဲ သီးနှံစိုက်ပျိုးမှုအနေနဲ့ (၂၁၈၄၃) ဧက လျာထားစိုက်ပျိုးရာမှာ မြေပြင်စိုက်ပျိုးနိုင်မှု (၅၂၀၅၁) ဧက စိုက်ပျိုးနိုင်ခဲ့လို့ သတ်မှတ် လျာထားဧကထက် ပိုမိုကျော်လွန်စိုက်ပျိုးနိုင်ခဲ့ပါတယ်။ ယခုလက်ရှိမှာတော့ ကုလားပဲစိုက်ခင်းတွေက ရိတ်သိမ်းခြွေလှေ့လို့ ရရှိပြီဖြစ်တာကြောင့် ယခုလ ဒုတိယပတ်လောက်ကစပြီး ရိတ်သိမ်းခြွေလှေ့ခဲ့ရာ ယနေ့အထိ (၅၂၅) ဧက ရိတ်သိမ်းခြွေလှေ့ ပြီးစီးသွားပြီဖြစ်ပါတယ်။ အထွက်နှုန်းအနေနဲ့က တစ်ဧကကို ပျမ်းမျှ (၁၉၊ ၂၀) တင်းခန့် ထွက်ရှိပါတယ်” ဟု ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောသည်။
ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများသည် နှစ်စဉ် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ပဲမျိုးစုံသီးနှံ၊ ဆီထွက်သီးနှံများ၊ ဖူးစားပြောင်းသီးနှံ၊ စားဖိုဆောင်သီးနှံများနှင့် ကျွဲနွားတိရစ္ဆာန်အစာအဖြစ် နှံစားပြောင်းသီးနှံတို့ကို သီးနှံစိုက်ပျိုး ထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် သီးနှံဝင်ငွေ တိုးပွားစေရန်အတွက် အားထားစိုက်ပျိုးလုပ်ကိုင်ကြကြောင်း သိရကာ တောင်သူများ သီးနှံစိုက်ပျိုးရာ၌ အထွက်နှုန်းကောင်းမွန်ရေးအတွက် မျိုးကောင်းမျိုးသန့် ရွေးချယ်စိုက်ပျိုးရေး၊ စိုက်နည်းစနစ်များ မှန်ကန်ရေး၊ သဘာဝမြေဩဇာနှင့် သီးနှံပိုးမွှားရောဂါ ကြိုတင်ကာကွယ်ရေး၊ အချိန်မီ သီးနှံရိတ်သိမ်းခြွေလှေ့နည်းစနစ်များကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက တောင်သူ အသိပညာပေးလုပ်ငန်းများကို ပံ့ပိုးကူညီဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )