ဝါးခယ်မမြို့နယ်ကျက်သရေဆောင် သကျမဟာသီရိမြတ်စွာဘုရားကြီး ရွှေထီးတော် ပထမဘုံဆင့်တင်လှူပူဇော်ခြင်း မင်္ဂလာအခမ်းအနားကျင်းပ

ဝါးခယ်မ ဖေဖော်ဝါရီ ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် ကျက်သရေဆောင် သကျမဟာသီရိမြတ်စွာဘုရားကြီး ရွှေထီးတော်ပထမဘုံဆင့် တင်လှူပူဇော်ခြင်း မင်္ဂလာအခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီအချိန်က နောင်တော်ကြီး ဘုရားတန်ဆောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ထိုအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဘုရားကြီးဂေါ်ပကအဖွဲ့များနှင့် စေတနာရှင်အလှူရှင်များ တက်ရောက်ရာ နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားအားဖွင့်လှစ်ခဲ့ပြီး ဗုဒ္ဓရောင်ခြည်တော်ဖွဲ့ ထူးမခြားနားသီချင်းခန့် သုံးပိုဒ်ဖြင့် သီကျူးပူဇော်ခြင်း၊ မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဒွိပိဋကဓရဘဒ္ဒန္တခေမာစာရ ကွမ်းခြံကုန်းကျောင်းဆရာတော်ထံမှ ကိုးပါးသီလခံယူစောင့်တည်ခြင်း၊ သံဃာတော်အရှင်သူမြတ်တို့ထံ ရွှေထီးတော်ပထမဘုံဆင့်နှင့် လှူဖွယ်ဝတ္ထုများဆက်ကပ် လှူဒါန်းခြင်း၊ မြို့နယ်အကြီးအကဲများ အမှူးပြုသော ဘုရားဒါယကာ၊ ဒါယိကာမများက ရွှေထီးတော်ဘုံဆင့်များကိုပင့်ဆောင်၍ သကျမဟာသီရိဘုရားကြီး ဂန္ဓကုဋီတိုက်အား လက်ယာရစ်သုံးကြိမ် လှည့်လည်ပူဇော်ကာ မင်္ဂလာရထားပျံမဏ္ဍပ်သို့ ပင့်ဆောင်ခဲ့ခြင်း၊ ရွှေထီးတော်ပထမဘုံဆင့်ကို မင်္ဂလာရထားပျံဖြင့် တင်လှူပူဇော်ခဲ့ပြီး ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားအားရုပ်သိမ်းခဲ့ကြောင်း သိရသည်။

ဟိန်းထက်လင်း(ပြန်/ဆက်)