ငွေဆောင်မြို့ ပြည်သူ့ဆေးရုံတွင် ဆေးဝါးရောင်းချမှုဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ

ငွေဆောင် ဖေဖော်ဝါရီ ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့တွင် ဧရာဝတီတိုင်းဒေသကြီး၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန ( ပုသိမ် )မှ အများပြည်သူတို့ ဆေးဝါးသုံးစွဲရာတွင် လုံခြုံစိတ်ချရစေရန်အတွက် ရည်ရွယ်၍  အသိပညာပေး ဟောပြောခြင်းအား ယမန်နေ့နံနက် (၁၀) နာရီက ငွေဆောင်မြို့ ပြည်သူ့ဆေးရုံတွင် ပြုလုပ်ခဲ့သည်။

အဆိုပါ အသိပညာပေး ဟောပြောပွဲတွင် ဧရာဝတီတိုင်းဒေသကြီး၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (ပုသိမ်)မှ ဦးစီးအရာရှိ ဒေါ်ခိုင်မေဦးနှင့် ဒုတိယဦးစီးမှူး ဒေါ်လှမျိုးကြွယ်တို့မှ အမျိုးသားဆေးဝါးဥပဒေအရ တားမြစ်ချက်များ ၊ သုံးစွဲရန် မသင့်သော ဆေးဝါးများ ၊ မြန်မာနိုင်ငံ ဆေးဝါးမှတ်ပုံတင်အမှတ် ကြည့်ရှုစစ်ဆေးနည်း ၊ ပြည်သူတို့၏ ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေနိုင်သည့်   စပ်ဆေးတွဲများအကြောင်း ၊  ဆရာဝန် ညွှန်ကြားချက် မလိုအပ်သော ဆေးဝါးများ ၊ ဆရာဝန်ညွှန်ကြားချက်ဖြင့်သာ  သုံးစွဲရမည့် ဆေးဝါးများနှင့် ထိန်းချုပ်ဆေးဝါးများအကြောင်း ၊ ပြည်သူများ ဆေးဝါးဝယ်ယူသုံးစွဲရာတွင် သိရှိရမည့်အချက်များနှင့် ဆေးရောင်းချသူများ လိုက်နာရမည့်အချက်များ၊ ဆေးဝါးများ ထားသိုရမည့် နည်းလမ်းများအကြောင်း၊  အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏  ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဥ်များအကြောင်း အသိပညာပေး ဟောပြောခဲ့သည်။ ဟောပြောပွဲအပြီးတွင် တက်ရောက်လာကြသူများအား ကျန်းမာရေးဝန်ကြီးဌာန၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ အသိပညာပေး လက်ကမ်းစာစောင်များ ဝေငှပေးခဲ့သည်။

အဆိုပါ အသိပညာပေး ဟောပြောပွဲသို့ ငွေဆောင်မြို့အတွင်း ဆေးဆိုင်ဖွင့်လှစ် ရောင်းချနေသည့် ဆေးဆိုင်ပိုင်ရှင်များနှင့်  ငွေဆောင်မြို့ ကျေးလက်ကျန်းမာရေးဌာနမှ  ဝန်ထမ်းများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

ငွေဆောင် (ပြန်/ဆက်)