ပွင့်ဖြူမြို့၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာများနှင့် စပ်လျဉ်း၍ ဒေသခံပြည်သူများ သိရှိနားလည်စေရန် အသိပညာပေးဆွေးနွေးပွဲ ကျင်းပ

ပွင့်ဖြူ ဖေဖော်ဝါရီ ၂၂

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာများ နှင့်စပ်လျဉ်း၍ သိရှိနားလည်နိုင်စေရန်နှင့် ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်စေရန် ရည်ရွယ်ပြုလုပ်သည့် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက ပွင့်ဖြူမြို့၊ အရှေ့ပိုင်းရပ်ကွက်ဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဆွေးနွေးပွဲတွင် ပွင့်ဖြူမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးခိုင်ဝင်းထွန်းက ပြည်သူ့စစ်မှုထမ်းဥပဒေထုတ်ပြန်ချက်များနှင့်ပတ်သက်၍ ပြည်သူလူထု ကျယ်ကျယ်ပြန့်ပြန့် သိရှိနားလည်သဘောပေါက်စေရန်အတွက် အသိပညာပေးဆွေးနွေးပွဲ ရပ်ကွက်/ကျေးရွာများသို့ ကွင်းဆင်းဆောင်ရွက်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး  ဒုတိယမြို့နယ်ဥပဒေအရာရှိ ဒေါ်သိမ့်သိမ့်ဦးက ပြည်သူ့စစ်မှုထမ်းဥပဒေပြဋ္ဌာန်းချက်များနှင့်စပ်လျဉ်း၍ လိုက်နာရမည့်အချက်များကို ရှင်းလင်းဆွေးနွေး ပြောကြားသည်။

ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် (၁) ဗိုလ်မှူးမင်းပိုင်စိုးက လူမှုကွန်ယက်စာမျက်နှာများတွင် ပြည်သူလူထု အထင်အမြင် လွဲမှားစေရန် ရည်ရွယ်ချက်ဖြင့် တပ်မတော်မှ အတင်းအဓမ္မ ပေါ်တာဆွဲခြင်း၊ ဖမ်းဆီးခြင်းများစသည့် ရေးသားဖော်ပြချက်များမှာ လုပ်ကြံရေးသားသည့် သတင်းတု၊ သတင်းမှားမျာသာဖြစ်ကြောင်း ဆွေးနွေးပြောကြားကာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့အတွင်းရေးမှူး ရဲမှူးဝင်းဦးက ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေးအတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ နေ့ညမပျက် လှည့်ကင်း၊ ပတ်ကင်းများဖြင့် လုံခြုံရေးလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများနှင့် အကြမ်းဖက်ဖောက်ခွဲမှုလုပ်ရပ်များအပေါ် ပြုလုပ်သူနှင့် ဆက်နွယ်ပါဝင်သူများအား ဥပဒေနှင့်အညီ တရားစွဲဆိုနိုင်ရေး စိစစ်ဖော်ထုတ် ဆောင်ရွက်နေမှုများကို ရှင်းလင်းပြောကြားသည်။

ထို့နောက် တက်ရောက်လာသည့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူးများနှင့် ဒေသခံပြည်သူများက ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်စပ်လျဉ်း၍ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးရာ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားပေးပြီး ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာသိကောင်းစရာ ပညာပေးလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )