စစ်ကိုင်းတိုင်းဒေသကြီး၌ ယခုနှစ် နွေသီးနှံစိုက်ပျိုးရာသီတွင် နွေစပါး ၂၅၀,၀၀၀ ဧက စိုက်ပျိုးဆောင်ရွက်သွားမည်

မုံရွာ ဖေဖော်ဝါရီ ၂၁

စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအပါအဝင် ခရိုင် (၁၄) ခရိုင်၌ ယခုနှစ် နွေသီးနှံစိုက်ပျိုးရာသီတွင် သီးနှံစိုက်ပျိုးစွမ်းအား တိုးတက်မြင့်မားစေရန်နှင့် ဒေသတွင်း ဆန် ဖူလုံ ပိုလျှံစေရေးအတွက် နွေစပါးစိုက်ဧက ၂၅၀,၀၀၀ လျာထား စိုက်ပျိုးဆောင်ရွက်သွားမည်ဖြစ်ကြောင်း တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း၌ ယခုနှစ်နွေသီးနှံစိုက်ပျိုးရာသီတွင် နွေစပါးစိုက်ပျိုးခြင်းကို သီးနှံစိုက်ပျိုးစွမ်းအား တိုးတက်မြင့်မားရေးအတွက်ရည်ရွယ်၍ အစိုးရဆည်ရေ၊ လျှပ်စစ် ရေတင်စနစ်၊ ရေစုပ်စက်စနစ်နှင့် မြေအောက်ရေစနစ်တို့ဖြင့် စိုက်ပျိုးရေကို အကျိုးရှိစွာအသုံးချပြီး စိုက်ပျိုးဆောင်ရွက်သွားမည်ဖြစ်ကာ လျာထားစိုက်ပျိုးမှုအနေဖြင့် နွေစပါး စိုက်ဧက ၂၅၀,၀၀၀ ဧက စိုက်ပျိုး သွားမည်ဖြစ်ကြောင်း သိရသည်။

"တိုင်းဒေသကြီးအတွင်း နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အပါအဝင် ခရိုင်(၁၄) ခရိုင်မှာ သီးနှံစိုက်ပျိုးစွမ်းအား တိုးတက်မြင့်မားစေဖို့၊ ဒေသတွင်းဝမ်းစာဖူလုံပိုလျှံစေဖို့နဲ့ ဒေသခံတောင်သူတွေ သီးနှံဝင်ငွေတိုးပွားစေဖို့အတွက်ရည်ရွယ်ပြီးတော့ နွေသီးနှံစိုက်ပျိုးရာသီမှာ နွေစပါးစိုက်ပျိုးခြင်းကို သဖန်းဆိပ်၊ သာစည်၊ ထန်းစလုပ် စတဲ့ဆည်ရေသောက်ဧရိယာမှာ အဓိကထားစိုက်ပျိုးဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ တစ်တိုင်းလုံး နွေစပါး စိုက်ဧက ၂၅၀,၀၀၀ ဧက လျာထားပြီးတော့ အစိုးရဆည်ရေ၊ လျှပ်စစ်မြစ်ရေတင်စနစ်၊ မြေအောက်ရေ၊ တောင်သူတွင်းနဲ့ ချောင်းရေတို့ကိုအသုံးပြုပြီး ဒေသနဲ့ကိုက်ညီတဲ့ နည်းစနစ်များနဲ့ စိုက်ပျိုးသွားမှာဖြစ်ပါတယ်။ ဒီတိုင်းဒေသကြီးက နွေစပါး စိုက်ပျိုးရာမှာ အောင်မြင်ဖြစ်ထွန်းမှုရှိတာကြောင့် နှစ်စဉ်နွေသီးနှံစိုက်ပျိုးရာသီမှာ ဒေသခံတောင်သူအများစုက နွေစပါးကို အားထားစိုက်ပျိုးကြပါတယ်။ ဒေသခံတောင်သူတွေကိုလည်း နွေစပါးစိုက်ပျိုးရာမှာ လိုအပ်တဲ့စိုက်ပျိုးရေးနည်းစနစ်များနဲ့ မျိုးကောင်းမျိုးသန့်များ စိုက်ပျိုးနိုင်အောင် နယ်မြေအလိုက် တာဝန်ပေးထားတဲ့ ကွင်းဝန်ထမ်းတွေက တောင်သူပညာပေး လုပ်ငန်းများကို ပံ့ပိုးကူညီ ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။ ဒေသခံတောင်သူတွေ အဓိကစိုက်ပျိုးတဲ့ နွေစပါးမျိုးတွေကတော့ ရွှေသွယ်ရင်၊ ဆင်းသုခ၊ ရက်(၉၀)၊ IR-747 စတဲ့ စပါးမျိုးများကို အများဆုံးစိုက်ပျိုးကြပါတယ်" ဟု တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူက ပြောသည်။

ယခုနှစ် နွေသီးနှံစိုက်ပျိုးရာသီတွင် နွေစပါးစိုက်ပျိုးမည့် ဒေသခံတောင်သူများ သီးနှံအထွက်နှုန်း တိုးတက်ကောင်းမွန်စေရန် အခြေခံစိုက်ပျိုးရေးနည်းစနစ်များနှင့် မျိုးကောင်းမျိုးသန့် ရွေးချယ်စိုက်ပျိုးနိုင်ရေး၊ မြေဆီလွှာအာဟာရထက်သန် ကောင်းမွန်စေရေး သွင်းအားစုပစ္စည်းများ အချိန်ကိုက်အချိုးကျ မှန်ကန်စွာ သုံးစွဲတတ်စေရေး၊ ရေကိုအကျိုးရှိစွာ အသုံးချတတ်စေရေးနှင့် ဘက်စုံပိုးမွှားရောဂါ ကာကွယ်နှိမ်နှင်းရေးနည်းပညာများ လိုက်နာကျင့်သုံးနိုင်စေရေးအတွက် တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက ပညာပေးစည်းရုံး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အခြားမိတ်ဖက် ဌာနများနှင့်ပူးပေါင်း၍ အနီးကပ်ကြီးကြပ်ကာ လိုအပ်သည်များကို ပံ့ပိုးကူညီ ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှသိရပြီး ဒေသခံတောင်သူများ နွေစပါးအချိန်မီ စိုက်ပျိုးနိုင်ရေးအတွက်လည်း သဖန်းဆိပ်၊ သာစည်၊ ထန်းဇလုပ်ဆည်များမှ ဆည်ရေများကို ဖေဖော်ဝါရီ ၁၅ ရက်နေ့မှ စိုက်ပျိုးရေများ စတင်ဖြန့်ဝေပေးလျက်ရှိကြောင်း တိုင်းဒေသကြီးဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနတာဝန်ရှိသူထံမှ သိရသည်။

ခရိုင် (ပြန်/ဆက်)