မင်းဘူးမြို့၌ RC နှစ်ထပ်ဆောင် သာသနာ့ဗိမာန်တော်ကြီးဆောက်လုပ်နေမှု ၅၂ ရာခိုင်နှုန်းကျော်ပြီးစီး

မင်းဘူး ဖေဖော်ဝါရီ ၂၂

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့၌ မြို့အင်္ဂါရပ်နှင့်အညီ ဘာသာရေးဆိုင်ရာ ပွဲအခမ်းအနားများကို မြို့အလယ်တွင် ခန့်ညားတင့်တယ်ထည်ဝါစွာ ကျင်းပပြုလုပ်နိုင်ရန်အတွက် RC နှစ်ထပ်ဆောင် သာသနာ့ဗိမာန်တော်ကြီးကို ဆောက်လုပ်လျက်ရှိရာ ယနေ့အထိ တည်ဆောက်ရေး လုပ်ငန်းအားလုံး (၅၂) ရာခိုင်နှုန်းကျော် ဆောက်လုပ်ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ RC နှစ်ထပ် ဆောင်သာသနာ့ဗိမာန်တော်ကြီးကို မင်းဘူးမြို့ မင်းပူးဦးဩဘာသ မြို့နယ်ခန်းမဘေးရှိ မြေနေရာ (၁) ဒဿမ (၅၃) ဧကတွင် ဆောက်လုပ်လျက်ရှိကာ တည်ဆောက်ရေးလုပ်ငန်းများ အချိန်မီပြီးစီးရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဖေဖော်ဝါရီ (၂၁) ရက် နံနက်ပိုင်းက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စုပေါင်းရုံး (၄) ထပ်ဆောင်၌ ကျင်းပပြုခဲ့ပြီးနောက် ခရိုင်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ဆောက်လုပ်ရေးလုပ်ငန်းခွင်သို့ သွားရောက်၍ ကွင်းဆင်းကြည့်ရှုစစ်ဆေးကာ လုပ်ငန်းများအားလုံး သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

မင်းဘူးမြို့၌ မြို့အင်္ဂါရပ်နဲ့အညီ ဘာသာရေးဆိုင်ရာ ပွဲအခမ်းအနားများကို ကျင်းပပြုလုပ်နိုင်ရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်မှုဖြင့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၇ ရက်နေ့က ပန္နက်တင်ဆောင်ရွက်ပြီး ဆောက်လုပ်လျက်ရှိကြောင်း၊ ယခုလက်ရှိ တည်ဆောက်ရေးအပိုင်းအနေဖြင့် အမိုးရက်မ ကွန်ကရစ်လောင်းခြင်းလုပ်ငန်းပြီးစီး၍ အမိုးဒိုင်း တပ်ဆင်ခြင်း လုပ်ငန်းဆောင်ရွက်ခြင်း၊ မြေညီထပ်တွင် ကျည်းဘောင်နှင့် တံခါးပြတင်းပေါက် တပ်ဆင်ခြင်း လုပ်ငန်းများအပြင် ဗောဓိညောင်ပင်ပတ်လည်၌ ရှစ်မျက်နှာဘုရား တည်းထားကိုးကွယ်ရန် ဆောင်ရွက်နေကြောင်း၊ ထို့အပြင် အဝင်မုဒ်ဦး၊ Box Culvert ၊ ကားပတ်လမ်းနှင့် ခြံစည်းရိုးအုတ်တံတိုင်း ကာရံခြင်းလုပ်ငန်းကို ဆက်လက်ဆောင်ရွက်ရန် ပြင်ဆင်နေကြောင်း၊ သာသနိက အဆောက်အအုံဖြစ်သည့်အတွက် မြန်မာမှု မြန်မာ့ဟန် ရှေးမူလက်ရာများကို ထည့်သွင်း၍ မြို့အလယ်တွင် သိသာထင်ရှားပေါ်လွင်အောင် ဆောက်လုပ်သွားမည်ဖြစ်ကြောင်း မင်းဘူးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းထံက သိရသည်။

အဆိုပါ သာသနာ့ဗိမာန်တော်ကြီးသည် (အလျား ပေ ၁၈၀ x အနံ ပေ ၉၀) ရှိပြီး (၃၀၀) ဦးဆံ့ RC နှစ်ထပ်ဆောင် အဆောက်အအုံအမျိုးအစားဖြစ်ကာ ၂၀၂၃ ခုနှစ်၊ နိုင်ဝင်ဘာလ ၇ ရက်နေ့မှ စတင်ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး ၂၀၂၄ ခုနှစ်၊ မေလ (၃၁) ရက်နေ့တွင် အပြီးတည်ဆောက်သွားမည် ဖြစ်ကြောင်း၊ ယင်းသာသနာ့ဗိမာန်တော်ကြီး တည်ဆောက်ပြီးစီးပါက မြို့အလယ်တွင် ဘာသာရေး ဆိုင်ရာအခမ်းအနားပွဲများ၊ အစိုးရပါဠိပထမပြန်စာမေးပွဲများ၊ စူဠဘွဲ့နှင်းသဘင် အခမ်းအနားများနှင့် ဓမ္မပူဇာသဘင်တရားပွဲများကို သွားလာရေးလွယ်ကူချောမွေ့အဆင်စွာ ကျင်းပပြုလုပ်ဆောင်ရွက် နိုင်မည်ဖြစ်ကြောင်း သိရသည်။

မောင်မောင်(မင်းဘူး)