ကြံခင်း ဖေဖော်ဝါရီ ၂၁
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့တွင် ပူပြင်းခြောက်သွေ့သော နွေရာသီသို့ ရောက်ရှိလာပြီဖြစ်သဖြင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရန်နှင့် မီးလောင်ဆုံးရှုံးမှု လျှော့နည်းစေရန် ရည်ရွယ်ပြီး ယနေ့ နံနက်ပိုင်းက ကြံခင်းမြို့နယ်၊ ကဇင်းကြီးကျေးရွာအတွင်းရှိ ဒေသနေပြည်သူလူနေအိမ်များ မီးဘေးလုံခြုံစေရန် တစ်အိမ်တက်ဆင်းကွင်းဆင်း စစ်ဆေးဆောင်ရွက်ကြသည်။
ထိုသို့စစ်ဆေးရာတွင် မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးကိုကိုနိုင် ဦးဆောင်သောသန္ဓေ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်လျှပ်စစ်ရုံးမှ တာဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှ တာဝန်ရှိသူများနှင့် အတူ ကဇင်းကြီးကျေးရွာအုပ်စုအတွင်းရှိ ဒေသနေပြည်သူများအား မီးပေါ့ဆ မှုမရှိစေရေး၊ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရန် ပြင်ဆင်ထားရှိဆောင်ရွက်ရမည့်အချက် များ၊ ရုတ်တရက်မီးလောင်မှုနှင့် ကြုံတွေ့ပါက (DCP) မီးသတ်ဆေးဘူးဖြင့် မီးငြှိမ်းသတ်နိုင်ရန် အသုံးပြုပုံများနှင့် ဝါယာကြိုးများမှ တစ်ဆင့် မီးလောင်မှုမဖြစ်ပွားစေရန် ကြိုတင်ကာကွယ်ရ မည့်အချက်များအား အသိပညာပေး ရှင်းလင်းပြောကြားပြီး မီးဘေးလုံခြုံရေးစစ်ဆေးခြင်း၊ မီးဖို အနီးတွင် မီးလောင်လွယ်သော ပစ္စည်းများထားရှိမှုမရှိစေရေး၊ စနစ်တကျချက်ပြုတ်ရန် သတ်မှတ်နေရာပြင်ဆင်ထားရှိရေး၊ မီးကြွင်းမီးကျန်များအား စနစ်တကျငြှိမ်းသတ်ရေး၊ (DCP) မီးသတ်ဆေးဘူး၊ ရေလှောင်ကန်များ၊ မီးသတ်အိုး၊ မီးချိတ်၊ မီးကတ်၊ သဲအိတ်များထားရှိခြင်းနှင့် မီးပေါ့ဆမှုမရှိစေရန် တစ်အိမ်တက်ဆင်း ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ကြံခင်းမြို့နယ်အတွင်း မီးလောင်ဆုံးရှုံးမှုလျှော့နည်းစေရန်နှင့် မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်နိုင်ရန် မီးဘေးအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်း၊ နေ့စဉ် ရပ်ကွက်/ကျေးရွာလမ်းများတွင် မီးဘေးလုံခြုံရေး၊ မီးစနစ်တကျသုံးစွဲရေးအသံချဲ့စက်ဖြင့် အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ကြကြောင်းနှင့် တစ်အိမ်တက်ဆင်း အသိပညာပေး စစ်ဆေးခြင်းကို မြို့ပေါ်(၅)ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၈)အုပ်စုတွင် ဆောင်ရွက်ခဲ့ပြီး ကျန်ရှိနေသော ရပ်ကွက်ကျေးရွာအုပ်စုများသို့ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူထံက သိရသည်။
မြို့နယ်(ပြန်/ဆက်)