ပြည်သူ့စစ်မှုထမ်းဥပဒေအကြောင်း ရှင်းလင်းဆွေးနွေးခြင်း အခမ်းအနား ကျင်းပ

လှိုင်းဘွဲ ဖေဖော်ဝါရီ ၂၁

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြည်သူ့စစ်မှုထမ်း ဥပဒေအကြောင်း ရှင်းလင်းဆွေးနွေးခြင်း အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ အခမ်းအနားတွင် ဘားအံခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးမင်းနောင်က ပြည်သူ့စစ်မှုထမ်းဥပဒေ  အကြောင်းအရာများနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးပေးခဲ့ပြီး ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယခရိုင် အုပ်ချုပ်ရေးမှူး ဦးနိုင်အေးက ပြည်သူ့စစ်မှုထမ်း ဥပဒေအကြောင်းအရာများနှင့် ပတ်သက်၍ နိုင်ငံပိုင်သတင်းစာများနှင့် မြန်မာ့ရုပ်မြင်သံကြားတို့ကို ဖတ်ရှုကြည့်ရှုကြစေလိုကြောင်း၊ အဖျက်မီဒီယာများ၏ သတင်းအမှားများကို မယုံကြည်သင့်ကြောင်း ရှင်းလင်းဆွေးနွေးပေးခဲ့သည်။

ထို့နောက် မြို့နယ်ဥပဒေအရာရှိ ဦးရဲဝဏ္ဏထွဋ်မှ ပြည်သူ့စစ်မှုထမ်း ဥပဒေအကြောင်းများနှင့် ပတ်သက်သည့် ပြည်သူ့စစ်မှုထမ်းဥပဒေ ပြဋ္ဌာန်းရခြင်း၏ ရည်ရွယ်ချက်၊ အမည်၊ စတင်အာဏာတည်ခြင်းနှင့်  အဓိပ္ပာယ်ဖော်ပြချက်၊ ပြည်သူ့စစ်မှုထမ်းရန်ကာလ၊ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ အဆင့်ဆင့် ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းတာဝန်များ၊ ပြည်သူ့စစ်မှုထမ်းတို့၏ ခံစားခွင့်များ၊ ပြည်သူ့စစ်မှုထမ်းခြင်းမှ ကင်းလွတ်ခွင့်ပြုသူများ၊ ပြစ်မှုနှင့် ပြစ်ဒဏ်များအကြောင်းကို ရှင်းလင်းဆွေးနွေးပေးခဲ့ပြီးနောက်  တက်ရောက်လာကြသော ရပ်ကွက်နေ ပြည်သူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် မြို့နယ်ဥပဒေအရာရှိတို့က ပြန်လည်ဖြေကြားဆွေးနွေးပေးခဲ့ကြ‌ကြောင်း သိရသည်။

လင်းသန့်(ပြန်/ဆက်)